မျိုးချစ်စစ်သည်

ပညာမဲ့သော ထိုသူသည်- ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုပဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ရောက်ရ၏။

ခုကတော့ ...

User Online

လာလည်သူပေါင်း

Cabo Yachts

Friday, April 2, 2010

ကျနော်တို့ဗိုလ်လောင်းများနှင့် အစိုးရစီမံကိန်းဝင်ကြက်ဆူ

ကျနော်တို့ စစ်တက္ကသိုလ်တွင် အပတ်စဉ်အလိုက်သူ့ရေစက်အလိုက်တစ်ပတ်စဉ်နှင့် တစ်ပတ်စဉ်တွင် စိုက်ပျိုးကြရသောအပင်များရှိရကား ကျတော်တို့ အပတ်စဉ်ကတော့ဖြင့် ထူးထူးခြားခြား ကံစပ်သည်က ကိုရွှေကြက်ဆူပဲ ဖြစ်ပါတော့တယ်…..ဇာတ်လမ်လေးက တော်တော်စိတ်ဝင်စားဖို့ကောင်းပါ တယ်… ဒီမှာ ဟာသများ၊ စည်းကမ်းတင်းကြပ်ပါသော စစ်တက္ကသိုလ်သည်လည်း ကြက်ဆူ နဲ့တွေ့တော့ ခံနိုင်ရိုးလား စတဲ့ ဇာတ်လမ်းများနဲ့ ဗိုလ်လောင်းများခံစားခဲ့ရသည်များကို တင်ပြသွားပါမယ်…..
တစ်နေ့ပေါ့ဗျာ……ကျတော်တို့ ဒုတိယနှစ် အချိန်ပေါ့ ကျတော်တို့စကားအရ ဂျိုထ ချိန်ပေါ့… ကျတော်တို့ကတော့ ဂျိုထချိန်မရခဲ့ပါ …. ကြက်ဆူကြောင့်ပေါ့…. ဖြစ်ချင်တော့ အောက်အပတ်စဉ်က တပ်ခွဲတစ်ခွဲမှ ၃၀ သာသာ… ကျတော်တို့တပ်ခွဲ တာဝန်ယူထားရသည့် ကြက်ဆူခင်းက ၁ဧကကျော်၏။ ပြီးတော့ မြေပြန့်မှာလည်းမဟုတ် အမှိုက်ကျင်းရွာ ဘက်က တောင်ကုန်းတွေပေါ်မှာ…. အဲဒီမှာစတာပဲ….. အင်းသတင်းကြားမိပါသေးတယ်… ကြက်ဆူပင် တွေ ကိုတရားမ၀င်ရောင်းလို့မရဘူးဆိုလား… အဲလိုရောင်းလို့ ဖမ်းခံရတယ်ဆိုလားပဲ… အော်တော်တော်လည်း အရေးပါတာပဲဟ လို့တောင်တွေးမိသေး…စပြီးတော့ စိုက်မယ်ဆိုတော့ အရင်တောင်ကုန်းကိုရှင်းရတာပေါ့… ရှင်းဆိုတော့ သိကြတဲ့အတိုင်း အဲဒီမှာက နေကြာရိုင်းပင်တွေချည်းလေ… နေကြာရိုင်းပင်တွေကိုရှင်းတော့ ရင်ထဲမကောင်းဘူး ဗျ… ကျတော်တို့ ကဘာမှသိပ်သိတာမဟုတ်ဘူး… ကြက်ဆူကဘာကြီးမှန်းလည်းမသိဘူး သူတို့ကဆီထုတ်လို့ရတယ် ဒါကြောင့် တစ်နိုင်ငံလုံးစိုက်တာ ဆိုတော့တာ စိုက်တာကိုး … နေကြာရိုင်းဆိုတာက ကျတော်တို့ နဲ့ ခံစားချက်တူတယ်ဗျ… ဘာလို့ဆို ခွင့်ပြန်ခါနီးရင် သူက တစ်တောလုံး ပွင့်နေတာ..၀ါထိန်နေတာပဲ … ဟော ကျတော်တို့များ ခွင့်ရက်စေ့လို့ကျောင်း ပြန်ရောက်ပြီဆို သူလည်း ညှိုးတော့တာပဲ… ဒါကြောင့်သူ့ကိုတော့ သံယောဇဉ်ဖြစ်မိတယ်ဗျ.. ခုတော့ ဘယ်ကရောက်လာမှန်းမသိတဲ့ ကြက်ဆူကြောင့် ကျတော်တို့ရဲ့ သံယောဇာဉ်ကိုဖြတ် ပြီး ရှင်းတော့ ၀မ်းနည်းနည်းနဲ့ မီးရှို့လိုက်တာ ကံကောင်းလို့ အမှိုက်ကျင်းရွာ မီးထဲမပါတယ်.. ဘာပြောကောင်းမလဲ ဗိုလ်လောင်းတွေကော ရွာသူ၊ ရွာသားတွေကော ပွက်လောကိုရိုက်သွား တာ… ဘာပြောကောင်းမလဲ ကျတော်တို့လဲ မိုးမွှန်အောင်ကို ဆဲခံရတာ…..သိတဲ့အတိုင်းပဲ ကျတော်တို့ကလည်း ဒီလိုဆဲခံရတာလောက်က ထမင်းစားရေသောက်သလိုဖြစ်နေတာကိုး.. ကိုယ့်ပြောတာမဟုတ်သလိုပဲ….
ဒီလိုနဲ့ ဗိုလ်လောင်းလောကမှာ ကြက်ဆူကလည်း ခေတ်စားလာပါတယ်.. ဘယ်လောက်ထိ ခေတ်စားသလဲဆို အရင်က တပ်ခွဲစိုက်ခင်းတာဝန်ခံ ၊ တပ်ရင်းစိုက်ခင်းတာဝန်ခံ စသဖြင့်သာရှိ တာ ခုတော့ ကြက်ဆူတာဝန်ခံတွေပါတိုးလာတော့တာပေါ့ … နှစ်အလိုက်က ကြက်ဆူတာဝန် ခံတွေကဘာလုပ်ရသလဲဆိုရင်တော့.. နောက်ဆုံးနှစ်တာဝန်ခံက တပ်ရင်းကနေတပ်ခွဲအလိုက် ခွဲတမ်းနဲ့ ထုတ်ပေးတဲ့ ပျိုးပင်၊ မျိုးပင်တွေ အစေ့တွေကို ယူပြီး မိမိတပ်ခွဲလိုက်မှာပြန်ပျိုး အဲဒီအတွက် ကျတော်တို့ဒုတိယနှစ်နဲ့ ပထမနှစ်တွေက ရေလောင်းပေါင်းသင်ပေါ့ဗျာ … ဒီမှာရယ်စရာလေးတစ်ခုပေါ့ .. ကြက်ဆူစေ့ကိုကြည့်တော့ မြေပဲစေ့နဲ့ တူတာနဲ့ စားကြည့်တာ စိမ့်စိမ့်လေးဆိုပြီး စိုက်ဖို့ပေးတဲ့ ကြက်ဆူစေ့တွေကိုစားကြတာ နို့ဆီဗူးတစ်ဗူးလောက်ကုန် တော့ နောက်ဆုံးနှစ်တာဝန်ခံက မဖြစ်ချေဘူး ဒီတိုင်းတာဆို စိုက်စရာမရှိတော့ရင် သူတော့ ခက်ချေရဲ့ လို့တွေးတုန်း… စားမိတဲ့ သူခမျာဝမ်းတွေသွားလို့ တော်တော်ကို ဆေးသောက်လိုက်ရသေးတယ်… အင်းကြက်ဆူများ အကျိုးပေးပုံပြောပါတယ်…. ကျတော် တို့မှာလေ ဒုတိယနှစ်တစ်နှစ်လုံး ကြက်ဆူဒုတ်ခပေးလို့ တပ်ပြင်ထွက်လည်းအပြေးအလွှား ၊ ဒုတိယနှစ်ထုံးစံအတိုင်းလည်း တနင်္ဂနွေနေ့မှာ ကောင်းကောင်းမအိပ်ရ ကျောင်းစည်းကမ်း အရ နံနက် ၅ နာရီထရမယ်ဆိုပေမယ့် ကြက်ဆူနတ်နဲ့ လည်းတွေ့ရော ဘာပြောကောင်းမလဲ နံနက် ၄ နာရီဆို တပ်ခွဲမှာ တန်းစီပြီးပြီ… ကျတော်တို့ကထားဦး နောက်ဆုံးနှစ်က တာဝန်ကျ အကိုကြီးတွေနဲ့ တာဝန်ခံခမျာလည်း ကျတော်တို့နည်းတူပါပဲ အစောကြီးထပြီး ကြက်ဆူခင်း ကိုချီတက်ကြရတာပဲ ….
အရင်ကဆို အစောကြီးထမှာစိုးလို့ တရားမ၀င်အပြစ်ပေးမှာစိုးလို့ဆိုပြီး ထထကြည့်တဲ့ ကျတော်တို့ရဲ့ လေ့ကျင့်ရေးအရာရှိချုပ်လည်း မလာတော့ဘူး… ကြည့်ရတာသူလည်း ကြက်ဆူနဲ့ တွေ့တော့ဘာမှမတတ်နိုင်တော့ဘူးထင်တယ်… တစ်ခါတစ်ခါများ ကြက်ဆူဒုတ်ခ ပေးပုံက ထမင်းတောင်စားချိန်မမှန်ဘူး… အချိန်နဲ့စား အချိန်နဲ့သွားကြရတဲ့ ကျတော်တို့ဗိုလ် လောင်းတွေမှာ ကြက်ဆူနဲ့တွေ့မှ အချိန်မမှန်တတ်တော့ဘူး… ကျတော်တို့တင်ဒီဒုတ်ခလား ဆိုတော့ မဟုတ်ဘူးဗျာ .. တစ်နိုင်ငံလုံးကိုဖြစ်နေတာ… အဲဒီကိုရွှေကြက်ဆူကိုစိုက်တာကိုပဲ သတင်းတွေထဲမှာ တခမ်းတနားနဲ့ ကိုဖော်ပြကြတာပါဗျာ… အရင်ကဆို ဆိုင်ရာဆိုင်ရာ ရုံးဌာနတွေရှေ့မှာ ပန်းမံပင်တွေနဲ့ လှနေခဲ့ရာက ဟောခုတော့ ကြည့်စမ်း ကြက်ဆူပင်တွေ မင်းမူနေလိုက်တာ….ဘာမှန်းကိုမသိဘူး…. ကျတော်တို့ကြားထဲတော့ တော်တော်ကိုသတင်း ကြီးသွားသေးတယ်… ဘာတဲ့ ကြက်ဆူပင်ခုတ်ရင် ထောင် ၃ နှစ်ဆိုလားပဲ ဟုတ်မဟုတ်တော့ မသိဘူး… ကျတော်တို့လည်းတော်တော်ကိုမြင်ပြင်းကပ်နေတဲ့ အဲဒီကြက်ဆူကို လစ်ရင်လစ် သလို ချတာပဲ… ဒါလည်းကိုရွှေကြက်က မမှတ်ဘူး ပြန်ပြီးကြီးလာတာပဲ… တော်တော်အသက် ပြင်းတဲ့ကောင် ဒါနဲ့ များတယုသယစိုက်နေသေး ပေါ့… ( သူတို့အပြောအရဆိုရင် နိုင်ငံတော် ရဲ့ ကြီးမားတဲ့ စီမံချက်ကိုနားမလည်ဘူးပေါ့ဗျာ… ပြောမယ့်သာပြောတာ ခုဆိုကြက်ဆူတွေက အသီးတင်မဟုတ်ဘူး အသီးကနေ မြေးတွေ မြစ်တွေတောင်ရနေပြီ.. ဘာမှလဲဖြစ်မလာဘူး မသိတော့ဘာဘူးဗျာ ကျတော်ဥာဏ်မမှီလို့ပဲနေမှာပေါ့) ဒါပေမယ့်လည်း ပျော်တော့ပျော်စရာကောင်းသားဗျ စနေနေ့ဆိုရင် အဲဒီကြက်ဆူကုန်းမှာ( ကျတော်တို့က ကြက်ဆူစိုက်လို့ အဲဒီလိုနာမည်ပေးတာ) တပျော်ကြီးပဲ… သူငယ်ချင်းတွေအားလုံး ဆုံကြရတာကိုး … နောက်ဆုံးနှစ်ကအကိုကြီးတွေကလည်း နားလည်ပေးပါတယ် အဲဒီလို ကြက်ဆူနဲ့ ပတ်သက်လာရင်တော့ ကျတော်တို့ကို Broken ထားတယ်ဗျ…. တော်ရုံဘာမှ မပြောဘူး… သူတို့လည်းဘယ်လုပ်ချင်မလဲ … နောက်ဆုံးနှစ်ဆိုတော့ နှပ်နေချင်တာပေါ့… အဲဒီတော့ ကျတော်တို့ ဒုတိယနှစ်သမားတွေအတွက်ကတော့ မဟာအခွင့်အရေးကြီးပေါ့ဗျာ.. တပ်ခွဲတစ်ခွဲနဲ့ တစ်ခွဲ စကြနောက်ကြနဲ့ ပျော်စရာကြီး … ဒါပေမယ့်ဗျာ ရှိသမျှနေရာအကုန်စိုက်ထားတော့ အရင်လိုမိုးချုပ်ရင်လွတ်လွတ်လပ်လပ်သွားလို့မရတော့ ဘူး … သိတဲ့အတိုင်းပဲ ဂျူနီယာဆိုတော့ ဂျောင်ထဲကပဲသွားတယ်… ဒီလိုသွားလို့ မြွေကိုက်မှာ တို့ ဘာတို့မစိုးရီမ်ရဘူး အဲဒီကြက်ဆူပင်ကို နင်းမိမှာ ကြောက်နေရတယ်…. စဉ်းစားကြည့်ပါ ဦး … ဖြစ်သင့်လားလို့…. သူ့ကိုစိုက်ရတာကလည်း လွယ်တယ်မထင်နဲ့ တစ်ခုကျတော် မကြိုက်တာပေါ့နော်.. ဘာလဲဆိုတော့ … ကဲဒါကိုလုပ်ဆိုတော့ လုပ်ကြပါပြီ လုပ်ဖို့ကအဓိက လား လူကြီးလာကြည့်ဖို့က အဓိကလား အဲဒါကိုမကြိုက်တာ… ပထမအဆင့် တောင်ကုန်းရှင်း တယ် .. အဲဒါကိုလူကြီးလာကြည့်ပြီးလို့ ကြိုက်တယ်ဆိုမှ နောက်တစ်ဆင့်တက် အဲလူကြီးမ ကြိုက်ရင်အဲဒါကိုပြန်ပြင်… ဒီလိုနဲ့ဗျာ ကျင်းတူးတာတောင် ၆ ပေခြား ၂ ပေအကျယ် ၂ ပေအ နက် ကိုသေသေချာချာလုပ်ရတယ် … အဲကျင်းကိုလည်းမသိရင် ရွှေမြှုပ်မှာကျနေတာပဲဗျာ… သေချာလေးထောင့်ကျကျလေး လုပ်ပေးရတာ… ပြီးရင် သန်တဲ့အပင်တွေကို For Show ကားလမ်းဘေးမှာစိုက် အဲမသန်တဲ့အပင်တွေတော့ သိတဲ့အတိုင်းပဲ သွား လမ်းနဲ့ဝေးရာကို… အော်အပင်တောင် ခွဲခြားခံထားရတဲ့ ဘ၀နော်…
ဒီလိုနဲ့ ကျတော်တို့တွေ တပ်ပြင်လေ့ကျင့်ခန်းတွေ သွားတော့ပါလိုက်ဒုတ်ခပေးသေးတာ.. စခန်းချရင် ကြက်ဆူပင်နဲ့လွတ်အောင် ချရတယ်… တဲဆောက်တာတောင်အဲလို … ကျန်တာတွေဆိုပြောမနေနဲ့တော့ ….. တော်တော်လည်းအံ့သြဖို့တော့ကောင်းတယ်ဗျ.. ကျန်တဲ့နေရာတွေတော့မသိဘူး ကျတော်တို့သွားသမျှနေရာတွေမှာ ကြက်ဆူတွေချည်းပဲ… သနားစရာကောင်းတာက အဲဒီဘက်က စိုက်ပျိုးရေးလုပ်တဲ့ ရွာသူရွာသားတွေပဲ …. သူတို့ခမျာ ဒေသထွက်ကုန်သီးနှံလည်း မစိုက်ရ အားအားရှိ အဲဒီကြက်ဆူချည်းစိုက်နေရတာ .. တကယ်ကို အစိုးရပြောသလိုလုပ်နိုင်ခဲ့ရင်တော့ အကျိုးရှိတယ်ပေါ့ဗျာ ခုတော့ အားလုံးမြင်ကြတဲ့အတိုင်းပဲ ဘယ်မှာလဲ ဇီဝဒီဇယ် … အဲဒီ ဇီဝဒီဇယ်တော့ မသိဘူး လောလော ဆယ်ကျတော်တို့နိုင်ငံမှာ စက်သုံးဆီတွေကော ကိုယ့်နိုင်ငံက များများစားစားထွက်တဲ့ သဘာ ၀ဓာတ်ငွေ့ကော ဈေးတွေမြင့်လို့ အများစုက ၀ယ်မသုံးနိုင်ဘူး…. ဒီလိုအခြေအနေမှာ ဒီကြက်ဆူကိုစိုက်တော့ ပုံမှန်ပြင်ဦးလွင်ဘက်ကထွက်တဲ့ သီးနှံတွေလည်းအရင်လောက်မများ တော့ ၀ယ်လိုအားများပြီး ရောင်းလိုအားဖြစ်တဲ့ ကုန်ပစ္စည်းကနည်းတယ်ဒီတော့ ဈေးတွေတက်တယ်… ဒါ့အပြင် တကယ်စိုက်ပျိုးနေရတဲ့တောင်သူတွေမှာလည်း အရင်လောက် မစိုက်နိုင်တော့ ရှုံးတယ် ဒီတော့ မိအေး ၂ ခါနာတင်မဟုတ်ဘူး ၃ ၊ ၄ ခါလောက်နာနေတာ… နောက်ဆုံးဘယ်သူတွေပဲနစ်နာလဲ … ဒီပြည်သူလူထုပဲမလား…. ကြက်ဆူများဒုတ်ခပေးလိုက်တာနော် တနိုင်ငံလုံးကိုပဲ …ကျတော်တို့ပဲကြည့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်နည်းဗျူဟာတွေလေ့လာနေရမယ့်အစား ကြက်ဆူကို သဲကြီးမဲကြီးစိုက်နေရတယ်… ကျတော်ပြောသလိုပေါ့ဗျာ ဖြစ်လာရင်တော့ အကျိုးရှိပါတယ်… ခုတော့ ဘာမှမှ ဖြစ်မလာတာ ကျတော်တော့ ဒီလိုလုပ်ခဲ့ရတဲ့ အင်အားတွေ ၊ အချိန်တွေကို အရမ်းနှမြောတယ်… ဒါကထား … ကျတော်တို့ဒီလိုနဲ့ ဒုတိယနှစ်တစ်နှစ်လုံး ပင်ပန်းကြီးစွာလုပ်ခဲ့တဲ့ ကြက်ဆူခင်း( ကြက်ဆူကုန်း ) ကိုဗျာ ကျတော်တို့ရဲ့ ခေါင်းရှောင်များက အာဆီယံ စက်ပစ်ကွင်းလုပ်မှာမို့တဲ့ ကျတော်တို့ခွင့်ပြန်နေတုန်းကိုပြန် ဖျက်ထားပြီး တပ်ခွဲလိုက်ကိုပြန်ပို့ထားတယ်… လုပ်ရက်တယ်ဗျာ တစ်နှစ်လုံးပင်ပင်ပန်းပန်း လုပ်ထားသမျှက ဘာမှကိုမဟုတ်တော့ဘူး…. ဒါပေမယ့်ဒီလိုနဲ့များပြီးသွားမယ်ထင်လား မထင်လိုက်ပါနဲ့ ဗျာ … ဘယ်ကိုရွှေ့တယ်ထင်တုန်း…အနောက်ဖက်က အမှိုက်ကျင်းရွာ ဘက်ကိုရွှေ့လိုက်တယ်… ဒီလိုရွှေ့တော့မှပိုဆိုးသွားတယ်… သွားရွှေ့တဲ့နေရာက သင်္ချိုင်းကုန်းဟောင်းကိုလေ… တချို့နေရာတွေဆို တူးရင် အရိုးတွေပါထွက်လာတာ… အဲဒီအချိန်မှာတော့ ကျတော်တို့က နောက်ဆုံးနှစ်ဆိုတော့ ကိုယ်တိုင်တော့မလုပ်ရတော့ဘူး ပေါ့ဗျာ..ကျတော်က ပထမနှစ်တာဝန်ခံ တပ်စု(၂) တပ်စုမှူးလေ( ကြုံတုန်းလေးကြွားတာ) ဒီတော့ ပထမနှစ်တွေ သွားရတဲ့ လူမှုဝန်ထမ်းနေရာကို ကြီးကြပ်ဖို့လိုက်ရတယ်…
စာမေးပွဲတွင်းတောင် လိုက်ဒုတ်ခပေးတာပါဗျာ စာလည်းကောင်းကောင်းမကျက်ရ တကယ်ကိုပါပဲ …. အင်းပြန်စဉ်းစားလိုက်တော့ ဒါတွေ အစိုးရရဲ့ ချမှတ်လိုက်တဲ့ ပေါ်လစီကို လိုက်ပါအကောင်အထည်ဖေါ်ပေးရတဲ့ ကျတော်တို့ တပ်မတော်သားတွေနဲ့ ပြည်သူတွေ မှာသာအတိဒုတ်ခရောက်ကြရတယ်… တပ်မတော်သားတွေမှာလည်း ဒီကြက်ဆူကိုစိုက်ဖို့ အားတွေပေးခဲ့ရတယ်… နိုင်ငံ့ ၀န်ထမ်းတွေကော ပြည်သူလူထုကော… ကဲ အဲဒီတုန်းက လုပ်ခဲ့ ကြရတဲ့ လုပ်အားရဲ့ အသီးအပွင့်တွေက ဘယ်မှာလဲ…. ကနေ့နိုင်ငံတော်မှာရင်ဆိုင်နေရတဲ့ စက်သုံးဆီပြသနာကိုဖြေရှင်းပေးနိုင်လား…. သဘာဝဓါတ်ငွေ့ ပြသနာကိုဖြေရှင်းပေးနိုင်လား.. နောက်ဆုံးတော့ဘာဖြစ်လာလည်း သိတဲ့ အတိုင်းပဲလေ … ဒီအစိုးရရဲ့ ထုံးစံပေါ့… ကောက်ရိုးမီးလို ခဏလောက်ပဲ ၀ုန်းဆိုပြီးတောက်လိုက်တာ နောကျတော့လဲ ဘာမှမဟုတ်ခဲ့ သလိုပဲမဟုတ်လား… သူများနိုင်ငံတွေမှာ အကောင်အထည်ဖော်တယ်ဆိုရင် လိုက်လုပ်ပြီးတော့ တကယ်သူများတေါလို ရအောင်လုပ်တာလဲ မဟုတ်… အေးပေါ့လေ စွဲနေ တဲ့အကျင့်ဆိုး For Show အတွက်ပဲကိုး… လက်တွေ့မှာကော အုပ်ချုပ်လာတဲ့ နှစ်၂၀ ကျော်မှာ ဘာများထိထိရောက်ရောက်လုပ်ပေးနိုင်တာမှတ်လို့နော…. ဘန်းပြကောင်းရုံ လောက်ကိုပဲလိုက်လုပ်နေတာ…. လမ်းတေါဖောက်တယ်… လမ်းမိုင်ဘယ်လောက်ထိတိုးချဲ့ နိုင်ခဲ့တယ်… တံတားတွေဆောက်တယ်… တံတာအဆင်းပေါင်း ဘယ်လောက်ထိ ဆောက်နိုင်ခဲ့ပြီ…. ဟုတ်ပြီ အဲဒီရဲ့ ရလဒ် ကုန်ဈေးနှုံးတွေ ကျခဲ့ပါသလား……
ဆေးရုံတွေ ဘယ်နှရုံထိတိုးချဲ့ဆောက်လုပ်နို်င်ခဲ့ပြီ….. ဟုတ်ကဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေး အတွက်အာမခံချက်ပေးနိုင်ပါပြီလား…. ပြည်သူ့ဆေးရုံလား… အသပြာဆေးရုံလား… ငွေမှမရှိ ရင်ကျန်းမာရေးမကောင်းရဲရလောက်အောင်ဖြစ်နေတဲ့ ကျတော်တို့တိုင်းပြည်မှာ ဆေးရုံတွေ အသစ်ဆောက်နိုင်ဖို့ကပိုအရေးကြီးနေလား…..
တက္ကသိုလ်ကျောင်းပေါင်း ဘယ်လောက်ထိဆောက်လုပ်နိုင်ခဲ့ပါတယ်…. ဟုတ်ကဲ့ ဆောက်လုပ်မှုနဲ့အတူများ ပညာရေးစနစ်မြင့်မားလာခဲ့ပါသလား…. ပိုက်ဆံမရှိလို့ ကျောင်းမတက်နိုင်တဲ့ ကလေးတွေ ကျတော်တို့နိုင်ငံမှာ တောင်ပုံရာပုံပါ………ကဲဒါတွေထားတော့ …. ကြက်ဆူကိုမစိုက်မနေရစိုက်ရမယ်ဆိုလို့ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ ကြက်ဆူပင်တွေကို ဘဏ္ဍာငွေသုံးပြီး ၀ယ်ခဲ့ကြရတယ်… တပ်တွေမှာလည်းထို့နည်းတူစွာပဲ… တပ်ပိုင်ငွေတွေကို တကယ်လက်တွေ့အသုံးချရမယ့် မိမိ တပ်မိသားစုတွေရဲ့ သက်သာချောင်ချိရေးဆောင်ရွက်ပေးရမယ့်အစား ဒီကြက်ဆူပင်တွေကို ၀ယ်ခဲ့ကြရတယ်…. ဒီလောက်ထိ ငွေအားလူအား သုံးခဲ့ကြရပြီး ဘာမှဖြစ်မလာတော့ ရင်နာတယ်… အဲဒီအတွက် နော်ကဆုံးရလဒ်ကတော့ ဘာလဲဆိုရင်….
(၁) ဒီကြက်ဆူပင်တွေကို မိမိတို့ဌာနဆိုင်ရာ ငွေတွေထဲက ၀ယ်ခဲ့ကြရတဲ့အတွက် တကယ်အသုံးချရမယ့် မိမိတို့ဌာနဆိုင်ရာလုပ်ငန်းတွေမှာသုံးဖို့ ငွေဆုံးရှုံးတယ်။
(၂) ဌာနဆိုင်ရာအလိုက်ကော ပြည်သူတွေအနေနဲ့ ပါအင်းအားသုံးပြီး လုပ်ခဲ့ကြရတဲ့အတွက် အင်အားဆုံးရှုံးတယ်။
(၃) အဲဒီအပေါ်မှာ အာရုံစိုက်ပြီးလုပ်ခဲ့ကြတဲ့ အတွက် မိမိတို့သက်ဆိုင်ရာလုပ်ငန်းလိုက်ကို ပစ်ထားရတာဖြစ်တဲ့အတွက် ကုန်ထုတ်လုပ်မှုကျဆင်းခဲ့ရတယ်။
(၄) ကျတော်တို့ဗိုလ်လောင်းတွေအနေနဲ့ဆိုရင်တော့ နိုင်ငံတော်ကိုအမှန်တကယ် အကျိုးပြုနိုင်မယ့် ပညာတွေကိုလေ့လာနေကြရမယ့်အချိန်တွေဆုံးရှုံးခဲ့ရတယ်။
(၅) တပ်မတော်အနေနဲကလည်း မယောင်ရာဆီလူး အကျိုးရှိမယ့် တပ်လုပ်ငန်းတွေ သက်သာချောင်ချိရေးတွေမှာ အသုံးလျှော့ခဲ့ရတဲ့အတွက် နဂိုကမှ အဆင်မပြေတဲ့ တပ်မိသားစုများဟာ ပိုပြီး ဒုတ်ခရောက်ခဲ့ကြရတယ့်အပြင် ကောင်းမွန်လှတဲ့ တပ်ရဲ့ပေါ်လစီ ထဲက ၁၀ မျိုး ၁၀ ဘောင်အစား ဒီကြက်ဆူကိုစိုက်တဲ့ အတွက် မီးဖိုချောင်ကိစ္စ တွေမှာပါ ဒုတ်ခရောက်ခဲ့ရတယ်။
တကယ်လို့သာ ဒီနေ့လိုအခြေအနေမှာ စတင်ဆောင်ရွက်စဉ်က ပြောသလိုသာ အမှန်တကယ်ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင်တော့ ဒီဆုံးရှုံးမှုဆိုတာ ဘာမှမဟုတ်တော့ပဲ ကြီးမားတဲ့ အောင်မြင်မှုအတွက် မှန်ကန်တဲ့ ရင်းနှီးမှုလို့ပြောလို့ရပေမယ့်…. ခုတော့ အများမြင်ကြတဲ့အတိုင်း ၄ နှစ်ကျော်ခဲ့ပါပြီ … ဘယ်မှာလဲ ဇီဝဒီဇယ် …. လက်တလော နိုင်ငံတော်မှာ ကြုံတွေ့နေရတာကတော့ဖြင့် စက်သုံးဆီဈေးနှုံးမြင့်မားမှု ၊ သဘာဝဓါတ်ငွေ့ ဈေးနှုံးမြင့်မားမှုကြောင့် ကိုယ့်တိုင်းပြည်က ထွက်တဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေကိုကိုယ့်ပြည်သူတွေ မသုံးစွဲရတာကတော့ဖြင့်…. ဒီအစိုးရတော်လို့နေမှာပေါ့နော်….. အစိုးရစီမံကိန်းဝင်ကြက်ဆူတွေကြောင့်လည်း နစ်နာမှုတွေများလှပါပြီ ….
ကဲ… စာဖတ်ပရိတ်သတ်ကြီးရေ … ဒါတွေက ကျတော်တို့ဗိုလ်လောင်းတုန်းက နှစ်ပါးသွားခဲ့ရ တဲ့ ကြက်ဆူကို ကျတော်သိသလောက်နဲ့ ကျတော်ဥာဏ်မှီသလောက်ကလေး သုံးသပ်တာပါနော်… စာဖတ်ပရိတ်သတ်ကြီးမှာတော့ဖြင့် ဒီထက်ကိုကြီးမားတဲ့ အတွေ့အကြုံ (ကြက်ဆူနဲ့ ပတ်သက်လို့ပေါ့နော်) တွေ နဲ့ သင်တို့ရဲ့ ဥာဏ်နဲ့ဆို ဒီထက်ကို ပိုပြီး နစ်နာမှုတွေကို ပိုမိုသိရှိကြမှာပါ …. ဒါကြောင့် ကျတော်သိထားတာလေးပေါ့လေ … မှန်တယ် မှားတယ်တော့ ကျတော့ထက်ကို အသိဥာဏ်ပိုပြည့်ဝတဲ့ စာဖတ်ပရိတ်သတ်ကြီးက ပိုသိမှာပါ… ကျတော်သိထားတာကတော့ “ အနှစ်မရှိတဲ့တောမှာ ကြက်ဆူပင်မင်းမူတယ် ” ဆိုတာလေးပါပဲ ….. သဘောကတော့ “ စကား” လို့ခေါ်တဲ့ အင်္ဂါ၊ တနင်္လာနှစ်ခုကို “ကြက်ဆူ” လို့ခေါ်တဲ့ တနင်္လာ၊ အင်္ဂါနဲ့ ကတ်ကင်းရိုက်ပြီး ယတြာချေထားတယ်ဆိုပဲ …. ဟုတ်တယ်မဟုတ်တယ်ကတော့ စာဖတ်ပရိတ်သတ်များ စဉ်းစားကြပါကုန်………




ဗိုလ်ရဲထက်(၁-၄-၂၀၁၀)။

No comments:

Post a Comment