မျိုးချစ်စစ်သည်

ပညာမဲ့သော ထိုသူသည်- ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုပဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ရောက်ရ၏။

ခုကတော့ ...

User Online

လာလည်သူပေါင်း

Cabo Yachts

Wednesday, April 21, 2010

ရှေးခေတ် စစ်သားစုဆောင်းရေး

Those battling sons of Thunders, Now at their returning back;
I know they will be for Plunder, Virginities go to wrack.
- D’ Urfey (1653-1723)


မြန်မာတို့ ကိုယ့်မင်းကိုယ့်ချင်း ဘ၀၌ ရပ်တည်ခဲ့စဉ်က နိုင်ငံတော်ကာကွယ်ရေး အလို့ငှာ၊ မည်သို့ မည်ပုံ စစ်သားစုဆောင်းသည်ကို သုတေသနပြုဖွယ်ကောင်းသည်။ ထို့ကြောင့် ဤရည်ရွယ်ချက်ဖြင့် ကျနော်သည် ရှာဖွေမှုတို့ကို ပြုခဲ့ပါ၏။ သို့ရာတွင်မအားလပ်သောကြောင့် မြန်မာရာဇ၀င် အရပ်ရပ်တို့ကို စနစ်တကျ လေ့လာခွင့်မရနိုင်သေး။ သို့သော် ကျနော်ယခု အစဖော်ပေးသောကြောင့် ယခုအခါ စစ်မှုထမ်းနေကြသော မြန်မာလူငယ်တစ်စုတို့က လက်ရှိ စစ်သားစုဆောင်းဖွဲ့ စည်းပုံ ဖွဲ့ စည်းနည်းကို ရှေးခေတ်က နည်းနိသယများနှင်ယှဉ်၍ သုတေသနပြုကြမည်ဆိုလျှင် ကျနော်၏ဆောင်းပါး ရည်ရွယ်ချက်သည် အထမြောက်၏ဟုဆိုရပေမည်။
ဤဆောင်းပါးအဖို့ကား ကျနော်သည် အထက်ပါ ခေါင်းစည်းစာသားနှင့် လျော်သော အကြောင်းအရာ အစုံကိုမပြနိုင် တစိတ်တဒေသလောက်သာ ပြနိုင်ဦးမည်။ ရှေးမြန်မာ့ခေတ်က စစ်သားစုဆောင်း ဖွဲ့ စည်းတာဝန်ချထားပုံ အကျဉ်းမျှကိုသာ ပြပြီးလျှင် အင်္ဂလန်ပြည်ဘုရင်မ အင်(န်) ( Queen Anne ) လက်ထက်က စစ်သားစုဆောင်းနည်းကို ပြလိုပါသည်။
စာရှုသူ ရဲဘော်နှင့် အရပ်သားတို့ကသာလျှင် ယခုစုဆောင်းရေးသားသော စာကို အခြေခံပြု၍ ဥပဒေသ ထုတ်လိုက ထုတ်ကြစေ၊ တရားကျလိုကလည်း ကျကြစေ၊ သံဝေဂယူလိုသူတို့ကလည်း ယူကြစေ။ ယောနိသော မနသိကာရ ဖြင့်သာ နှလုံးသွင်းနိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။
ရှေးမြန်မာဘုရင့်ခေတ်က နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်တပ်ဖွဲ့ စည်းသည် ဟူရာ၌ ယခုခေတ်နှောင်းကဲ့သို့ ပင်တိုင်တပ်မတော် တည်ထောင်ထားခြင်းမရှိခဲ့ဟု ရာဇ၀င်ဆရာတို့က အမှတ်အသားပြုကြသည်။ သို့ရာတွင် ရာဇ၀င်၏ သဘောသွားတို့ကို လေ့လာကြည့်လိုက်သောအခါ ခရစ်နှစ် ၁၁၃၇ ခုနှစ်မှစ၍ ပင်တိုင်စစ်သည်တော်များထားရှိရန် မြန်မာဘုရင်တို့သဘောပေါက်ခဲ့ကြောင်းကို တွေ့ ရှိရပေသည်။
အကြောင်းမှာ ဤသို့ဖြစ်၏။ နရသိင်္ခ (၁၁၇၀ - ၇၃) တွင် နရသိင်္ခသည် ညီတော် နရပတိစည်သူကို ငဆောင်ချမ်းအရပ်၌ ပုန်ကန်ထကြွသည်ဟု အကြောင်းပြု၍ စစ်ချီစေသည်။ သို့သော နရသိင်္ခအဖို့ ခယ်မတော် ဝေဠုဝတီ မင်းသမီးကို အရချိုင်ခြင်းသည် ငဆောင်ချမ်းထက် အရေးကြီးပေသည်။ ဤအချက်ကို ရိပ်စားမိလေသော် ညီတော် နရပတိစည်သူသည် စစ်မြေပြင်မှ ပြန်လာ၍ ငယ်ကျွန်လူပေါင်း ရှစ်ဆယ်ခန့်နှင့် နန်းတော်တွင်း သို့ ၀င်လေ၏။ အဆင်သင့်လှသောကြောင့် နန်းတော်တွင်းအ၀င်တွင် နရသိင်္ခ တပါးတည်း နန်းဦးထက်၌ စံစားလျှက်ရှိသည်ကိုတွေ့ ရလေရာ နောင်တော်ကို နန်းထက်မှ ဆွဲချ၍ လုပ်ကြံသတ်ဖြတ်လိုက်လေ၏။
နရပတိစည်သူ နန်းတက်သောအခါ၊ သူ၏နောင်တော်ကို လုပ်ကြံခဲ့သည့် အခါက နန်းတော်တွင်း၌ ဟာလာဟင်းဖြစ်နေပုံကို သတိမူခဲ့သဖြင့် သူ၏လက်ထက်တွင် ကျေးကျွန်ရင်း အမှုထမ်း လက်နက်ကိုင်တပ်ဖွဲ့ ကိုဖွဲ့ စည်းလိုက်လေသည်။ ရှေးက ထိုအဖွဲ့ အစည်းကို ပါဠိဆန်ဆန် “မောလ” ဟုခေါ်ကြသည်။ မင်းတုန်းခေတ် သီပေါခေတ် တို့၌ အပါးတော်မြဲ ကိုယ်ရံတော် တပ်ဟုခေါ်ဟန်တူပေသည်။ နရပတိစည်သူ၏ ကိုယ်ရံတော်တပ် မှာ သုံးထောင်ရှိသည်ဟုဆိုပေသည်။
သို့ရာတွင် ပင်တိုင်တပ်မှာ နိုင်ငံတော်ကို ကာကွယ်သည့်တပ်မဟုတ်၊ ထိုခေတ်က နိုင်ငံတော်နှင့် အလားထပ်တူ ယူဆရသော ဘုရင်မင်းမြတ်၏ ကိုယ်ကို ကာကွယ်စောင့်ရှောက် သည့် တပ်မျှသာဖြစ်သည်။ နိုင်ငံတော် တ၀ှမ်းလုံးကို ထိပါးနှောက်ယှက်လာသောအခါ ယခုခေတ်၌ “လဲဗီး” တပ်များစုဆောင်းသည်နှင့် မတိမ်းမယိမ်း အရေးပေါ်တပ်တို့ကို စုဆောင်းကြရသည်။
သို့သော် တပ်ဖွဲ့ စည်းရာတွင် စစ်သည်တော်တို့မှာ အခစားနားနှင့် လိုက်ပါအမှုထမ်းကြ သည်မဟုတ်။
၁။ ဘုရင့်အမိန့်ကို မလွန်ဆန်၍ ၄င်း
၂။ မိမိနိုင်ငံကို ထိပါးနှောက်ယှက်သူအား မိမိတို့ကိုယ်တိုင် ခုခံကာကွယ်ရမည့် ၀တ္တရား ကို သိ၍၄င်း မိမိထမင်းကို မိမိစား၍ စစ်မှုတော်ကို ထမ်းကြသည်က များပေသည်။ ရှေးဘုရင်ခေတ်က ဓနစနစ်မှာ ငွေကြေးစနစ်မဟုတ် ပစ္စည်း စနစ်ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း ယခုခေတ်ကဲ့ကို လခစားများ ပေါ်ပေါက်ခဲ့ခြင်းမရှိချေ။ ထိုခေတ်က နန်းရင်းဝန် အမတ်ကြီးပင်လျှင် လခ စားနားနှင့်အမှုထမ်းသောခေတ် မဟုတ်သေးချေ။
စစ်တပ်ဖွဲ့ စည်းရာ၌ အခြေခံအားဖြင့် လူ ၅ ယောက်လျှင် တစ်ဆိုင်းဖြစ်သည်။ လူ ၅ ယောက်လျှင် တအိုးစားဟုခေါ်သည်။ ထိုတအိုးစား၏ ခေါင်းဆောင်မှာ အိုးစားကြီးဟုတွင်၏။ ထိုတအိုးစားအတွက် စစ်မက်ဆိုင်ရာ ကကြိယာပစ္စည်းတို့မှာ ကြေးအိုးနှစ်လုံး၊ မိုးကာတလိပ်၊ သံချွန်ရှစ်ချောင်း၊ ပုစိန်တစ်လက်၊ တူမတလုံး၊ လွှတစင်း၊ ဓားမတချောင်း၊ ဓားလွယ်ငါးစင်း၊ သေနက်နှစ်လက် ပါမြဲဖြစ်သည်။ သို့သော် စင်စစ်အားဖြင့်သေနက်မှာ တပင်ရွှေထီးလက်ထက် မှစ၍ စနစ်တကျသုံးသည်ကိုတွေ့  ရ၏။ တပင်ရွှေထီးခေတ် အလျင်ကဆိုလျှင် ကာ၊ ဒိုင်းနှင့် လေးတို့ကိုသာ အရေးထားပေသည်။ ခရစ်နှစ် ၁၅၃၁-၅၀ အတွင်း တန်ခိုးကကြီးခဲ့သော တပင်ရွှေထီးလက်ထက် တွင် ပေါ်တူဂီလူမျိုး ခုနှစ်ရာတို့ကို သေနက်ကိုင်စစ်သားအဖြစ်ဖြင့် ငှားရမ်း၍ ပါဠိအခေါ် “သခါ” မည်သော စစ်ကူလက်နက်ကိုင်တပ်ကို ဖွဲ့ စည်းသည်။ ဘုရင့်နောင် ၁၅၅၁-၈၁ လက်ထက်၌လည်း ပေါ်တူဂီကြေးစား စစ်တပ်တို့မှာ ပင်တိုင်စစ်တပ် ပမာဖြစ်လာခဲ့သည်။
ထို့နောက် နှစ်အိုးစားအတွက်လူ ဆယ်ယောက် အပေါ်တွင် ကြီးကြပ်အုပ်ချုပ်ရန် တပ်ကြပ်ဟူ၍ထားသည်။ တပ်ကြပ်သည် လှံမတချောင်း၊ ဓားလွယ်တစင်း ကိုကိုင်၍ ဆော်မောင်း တလက်ကို ခါးပုံစတွင် ညှပ်မြဲဖြစ်သည်။ ဆော်မောင်းမှာ ကြေးနောင်ဝိုင်းတွင် တွေ့ ရသော အလောတော်မောင်းအရွယ် ဖြစ်၍ အမိန့်ပေးရာ အချက်ပေးရာ ဆော်သြရာ၌ အသုံးပြုသည်။ထို့ပြင် ငါးကြပ် (ငယ်သား ၅၀ + အကြပ် ၅ယောက်) လျှင် တသွေးသောက်ဖွဲ့ ၍ သွေးသောက်ကြီးက အုပ်ချုပ်လေသည်။ သွေးသောက်ကြီးမှာ ထီးနီမိုးခွင့်ရသည်။ ငွေဓား ကိုင်ဆောင်ခွင့်ရသည်။ မြန်မာစစ်ချီရာဇ၀င်တွင် ယခုခေတ် ဆာဂျင် မေဂျာများသည် ဥဒါန်း တွင်ရစ်သကဲ့သို့ ရှေးခေတ်က သွေးသောက်ကြီးတို့၏ ဆောင်ရွက်မှုမှာ မြန်မာ့ဝထ္ထု ပုံပြင် ရာဇ၀င်တို့တွင် ဥဒါန်းတွင်ရစ်ခဲ့ပေသည်။
၎င်းမှ တဆင့်တက်၍ ဖွဲ့ စည်းပြန်သော် နှစ်သွေးသောက်လျှင် တတပ်၊ ငါးတပ်လျှင် တဗိုလ်ဟူ၍ဖြစ်သည်။ တပ်ကိုအုပ်ချုပ်သူမှာ တပ်မှူးဖြစ်သည်။ ငါးတပ်ကိုအုပ်ချုပ်သူမှာ ဗိုလ် ဖြစ်သည်။ ငါးရာတပ် (ဗိုလ်တရာ)ကို အုပ်ချုပ်သူမှသာလျှင် တပ်ဗိုလ်ဟုခေါ်ရပေသည်။ တခါတရံ ၄င်းအား တပ်မင်းကလေးဟူ၍ လည်းခေါ်သည်။ သို့သော် စစ်တက်စစ်ချီရာတွင် ငါးရာတပ်နှင့်သာ ပြီးသည်မဟုတ်။ ငါးရာတပ်ပေါင်းအများ ချီတက်ရသည့်အခါလည်း ရှိသည်။ ထိုအခါ တပ်အားလုံကိုပေါင်း၍အုပ်ချုပ်ရသည်။ ထိုအုပ်ချုပ်သူကို တပ်ပေါင်းဗိုလ်ဟု ခေါ်ပြန်သည်။ တပ်ပေါင်းဗိုလ် နှစ်ဦး သုံးဦးကို ပေါင်းစပ်အုပ်ချုပ်ရသူမှာ ဗိုလ်ချုပ်ဖြစ်သည်။ ဗိုလ်ချုပ် နှစ်ဦးသုံးဦးပေါင်းကိုမူ ဘုရင်ကိုယ်တိုင်ဖြစ်စေ၊ ဘုရင်က အာဏာလွှဲအပ်ခံရသော မင်းညီမင်းသား ဘုရင်ခံများက ဖြစ်စေ စစ်ဘုရင် အဖြစ်ဖြင့်အုပ်ချုပ်ရသည်။
ထိုသို့ဖွဲ့ စည်းသည့် တပ်မတော်သို့ စစ်သားစုဆောင်းသည့်အခါ မင်းကြီး မဟာဗန္ဓုလ ၏ဆင့်ဆိုသည့် စနစ်အရ၊ “ရဲမက်တို့မှာ၊ မျက်စေ့မှုန်မွဲ၊ တိမ်မျက်ခမ်းစပ်၊ ပန်းနာ၊ ဒူလာ အားကြီး၊ ကြက်ဝက်မှင်တက်ရောဂါ၊ အိပ်ရာယောင်ယမ်း၊ ဦးဆံရှုပ်ထွေး၊ ကိုယ်ထက်ဒူးရှည်၊ ပေါင်ရှည်၊ ခြေသိမ် လက်သိမ်၊ အသက် ၂၀ မပြည့်၊ ၅၀ ကျော်သူ” တို့ကိုအခန့်အထားမရှိ ဟုပညတ်သည်။ ယခုပြဆိုခဲ့သော စစ်တပ်ဖွဲ့ စည်းနည်းမှာ အတန်ငယ်နှောင်းကျသေးသည်။ ၄င်းစနစ်ထက် ရှေးကျသော စနစ်အရမှာ မည်သို့ရှိလိမ့်မည်ကို သေချာစေ့ငုစွာ မရှာဖွေဘဲ၊ ကျွန်ုပ်တို့ အလွတ်မပြောနိုင်။ သို့ရာတွင် ရာဇဓမ္မ သင်္ဂဟကျမ်းလာ စစ်သည်ရဲမက် လက်နက်ကိုင် ခြောက်မျိုးဖွဲ့ စည်းပုံကိုကြည့်ရလျှင် အလောင်းမင်းတြားမှ သီပေါမင်းတြားအထိ နှောင်းခေတ်၏ ဖွဲ့ စည်းပုံထက် လျော့လျော့ယဲယဲ ဖြစ်သည်ဟု မှန်းဆနိုင်ပေသည်။
ရှေးခေတ်ကမူ
(၁) မျိုးရိုးစဉ်ဆက်အားဖြင့် အမှုထမ်းဖြစ်ပြီး ယုံကြည်စိတ်ချရသော ကျေးရင်း ကျွန်ရင်း ကိုယ်ရံတော် တပ်ကို “မောလ” ဟုခေါ်သည်။ ထိုကိုယ်ရံတော်တပ်မှာ ဘုရင့်အတွက်သာဖြစ်သည်။
(၂) နိုင်ငံတော် အတွက်မူ ကိုယ့်နိုင်ငံအတွင်း မိမိအမျိုးသားတို့ကို စစ်တိုက်စေရန် အခကြေးငွေ ပစ္စည်းပေးထားသော လက်နက်ကိုင် ဟူသမျှတို့ကို “အခစားလက်နက်ကိုင်” ဟု ခေါ်သည်။ ပါဠိလို “ဘူတ” ဟူသတည်း။ ၄င်းတပ်မှာ တပ်ရင်းဖြစ်သည်။ များသောအားဖြင့် ၄င်းသည် နိုင်ငံအတွက် ပင်တိုင်တပ်ဖြစ်သည်။
(၃) သို့သော် အရေးအကြောင်းဟူ၍ ပေါ်ပေါက်လာက ကောက်ခါ ငင်ကာရအောင် အသစ်ပြင်ဆင် စည်းကြပ်ထားသော လက်နက်ကိုင်တပ်ကို “သင်းလက်နက်ကိုင်” ဟုခေါ်ဆိုသည်။ ပါဠိလို “သေဏိ” ဟူသတည်း။ ယခုခေတ်အခေါ်နှင့်ခေါ်ရလျှင် အရံတပ် ဟူ ၍ ပင် ခေါ်ရမည် ထင်သည်။
(၄) ထိုမှတပါးလည်း မဟာမိတ်နိုင်ငံသားတို့ကို အခကြေးငွေ ပစ္စည်းဖြင့် ခေါ်ယူငှားရမ်း၍ “သခါ”မည်သော စစ်ကူလက်နက်ကိုင်တပ် ရှိသေးသည်။ ၄င်းကို “အဆွေ ခင်ပွန်းလက်နက်ကိုင်” ဟူ၍လည်းခေါ်သေးသည်။
(၅) စစ်သုံ့ပန်းတို့ကိုပင် မိမိဘက်သို့ ပါအောင်စည်းရုံး၍ စည်းကြပ်ထားသော လက်နက်ကိုင်တပ်လည်း ရှိသေးသည်။ ၄င်းမှာ ပါဠိလို “ရိပု” ဟုခေါ်၍ မြန်မာလိုရိုးရိုးဖြင့် “ရန်သူလက်နက်ကိုင်” ဟုခေါ်ပြန်သည်။
(၆) တော်တောင်ကြီးမား၍ အဖျားအနားထူထပ်သော အရပ်သို့ ချီတက်ရာတွင် ထိုအရပ်သူ အရပ်သားများကိုပင် တပ်ဦးကထား၍ ယခုခေတ် ရန်သူ့အရိပ်အခြေကို စုံစမ်းသော “စကောက်တပ်” များပမာ အသုံးချရသည့် “အဋ၀ိက” တပ်သားများလည်းရှိသေး သည်။ ၄င်းတို့ကို တောသားလက်နက်ကိုင် ဟူ၍ခေါ်ဆိုသည်။
စစ်တပ်ဖွဲ့ စည်းစုဆောင်းရာ၌ အခကြေးငွေ ပစ္စည်းတို့ကို ပေးကမ်းပြီး ဖွဲ့ စည်းကြောင်း နှောင်းခေတ်ရာဇ၀င် တို့ကဆိုပေသည်။ သို့သော် လက်တွေ့ သဘောတွင် နေရာတကာတိုင်း အခကြေးငွေ ရသည်ဟုမဆိုသာ။ ကျနော်မှတ်သားမိသမျှ ပါးစပ်ရာဇ၀င်အရ ဆိုလျှင် ရှေးက စစ်သည်တော် အဖြစ် အမှုထမ်းရာ၌ များသောအားဖြင့် ကိုယ့်စီးပွါးကိုယ်ရှာစားရင်း အမှုထမ်းကြသည်က များသည်။ တရပ်တကြေးသို့ စစ်ချီတက်သည့်အခါ မှသာလျှင် စားနပ်ရိက္ခာ ဟူ၍ ရကြသည်။ ထိုစားနပ်ရိက္ခာမှာလည်း ရောက်လေရာအရပ်တွင် ရွာသူကြီး မြို့ သူကြီးတို့က ဆင့်ဆို၍ ရသော စားနပ်ရိက္ခာမျိုး ဖြစ်သည်။
များသောအားဖြင့် စစ်ထဲသို့ဝင်ရန် အတွက် ဘုရင့်အမိန့်တော်အတိုင်း နာခံကြသည် ကများဟန်တူ၏။ မိမိတို့အလိုအလျောက် စစ်ထဲသို့ဝင်၍ အမှုထမ်းကြသည်က များဟန်တူ၏။ စစ်သားစုဆောင်းရေးတွင် တရားဟောပြော သိမ်းသွင်းခြင်းများ လက်ဆောင်ဖြင့် ဖျားယောင်း သိမ်းသွင်းခြင်းများ စပေါ်ငွေပေးပြီး သိမ်းသွင်းခြင်းများကို ရာဇ၀င်တို့တွင်၎င်း မှတ်တမ်း တို့တွင် ၄င်း မတွေ့ ရချေ။
ထို့ပြင်မြန်မာဘုရင့် ခေတ်ကစစ်သားတို့၏ ဟော့ရမ်းမှုတို့ကိုလည်း များစွာမတွေ့ ရ။ ထိုအချက်နှင့်ပတ်သက် ၍စဉ်းစားစရာရှိသည်။ ရှေးခေတ်က စစ်သားမှန်လျှင် မိမိတို့ စစ်နိုင်သည့် မြို့ ရွာနယ်ပယ်ရှိ မိန်းမများကို ကျူးလွန်ခြင်း ယောကျာ်းများကို သုံ့ပန်းအဖြစ်ဖမ်း ၍ ကျွန်အရာထားခြင်း ရန်သူ့ပစ္စည်းများကို လုယက်ယူငင်ခြင်းတို့မှာ ထုံးစံပမာဖြစ်နေ၍ အထူးပြဆိုဖွယ်မရှိသောကြောင့် ရာဇ၀င်တွင် အကျယ်တ၀င့်မဆိုလေ ဟုတွေးဆဖွယ်ရှိ၏။
စစ်သားဟူသည်မှာ ထိုအမူအကျင့်ရှိသည် ဆိုသောသဘောကို ထိုခေတ်က လက်ခံသောကြောင့်လည်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် ရာဇ၀င်ကိုနှောင်းမှ ရေးသည်ဖြစ်ရကား ရာဇ၀င်တွင် အသေးအဖွဲ အပြစ်အနာအဆာတို့ကို မြှုပ်နှံချွင်းချန်ထား ခဲ့သည်လည်း ဖြစ်နိုင်၏။ သို့တည်းမဟုတ် မြန်မာမင်းတို့ အချင်းချင်း စစ်ထိုးရာတွင် ခေါင်သူကြီး ကျလျှင် စစ်ငြိမ်းစမြဲဖြစ်လေရာ နောက်လိုက်ငယ်သားတို့မှာ မိမိတို့ခေါင်းဆောင်ချင်း ဖြစ်ကြသည့် အရေးကိစ္စတွင် ခေါင်းဆောင်နှစ်ဦး၏ ကံကြမ္မာသည် ဆုံးခန်းတိုင်ရောက်သည် နှင့်တပြိုင်နက် နောက်လိုက်တို့မှာ အချင်းချင်းပြေငြိမ်းကြပြီးလျှင် ဘီလူးစည်း လူ့စည်း စောင့်ရှောက်သောကြောင့် ဟူ၍လည်း ဆိုနိုင်၏။ ဤကားမိမိကိုယ်တိုင် ထင်မြင်ချက်မျှသာဖြစ်သည်။
လက်တွေ့ သဘောတွင်ကား ရခိုင်အမျိုးသားတို့က၄င်း ကသည်းမဏိပူ အမျိုးသားတို့ က၄င်း ယိုးဒယား အမျိုးသားတို့က၄င်း ဗမာဟူသော အမည်ကို ယခုတိုင် အတော် အငြိုးမပြေပုံ ထောက်ရလျှင် ကျွန်ုပ်တို့၏ ဘိုးဘွား စဉ်းဆက်တို့သည် ရမ်းကားသည့် ခေတ်ကလည်း အတော်ပင်ရမ်းကားခဲ့လိမ့်မည်ဟု ထင်မြင်သဘော ရရှိပြန်ပါသည်။ ဤဆောင်းပါး၏ သဘောမှာ ရှေးခေတ်က အဖြစ်သနစ်တို့ကို ပြန်ဖော်ပြီး အနာဟောင်းကို ဆွသော ဆောင်းပါးမျိုး မဟုတ်ပေ။ အမှန်ကို အမှန်အတိုင်း ရှုပြီး သဘာဝကို ထင်အောင်မြင်အောင် သုံးလျှင် ရန်ပြေ မာန်ပြေသဘောမျိုး ဖြစ်နိုင်သည်ကို ယုံကြည်သဖြင့် အထက်ပါ စကားကို ဆိုရခြင်းဖြစ်သည်။ စင်စစ် ယခုခေတ်တွင် စည်းကမ်းတကျဖွဲ့ စည်းထားသော စစ်သားများ ကိုယ်ပိုင်ရှိသည့် နိုင်ငံကြီးသား တို့ပင်လျှင် နုစဉ်အခါက အဘယ်သို့ ရှိလေသနည်းဟု ကျွန်ုပ်တို့ စဉ်းစားကြည့်ကြစေလို၏။
ထိုစဉ်းစားဘွယ်ကို ယခုကျနော် တင်ပြပါမည်။ သို့သော်မတင်ပြမီ ကျွန်ုပ်တို့နိုင်ငံသည် အမြဲတမ်း စစ်ခင်းခဲ့သော နိုင်ငံဖြစ်လင့်ကစား နိုင်ငံတော်၏ တပ်ပေါင်းစု စစ်သားဦးရေမှာ သူ့ခေတ် အလျောက် မည်မျှ ရှိသည်ကိုဖော်ပြပါဦးမည်။ သို့မှသာ အတိုင်းအရှည်ကို ခန့်မှန်း ချင့်ချိန်နိုင်ကြပေလိမ့်မည်။ ကျွန်ုပ်တို့ နိုင်ငံတွင် မည်မျှ ပြည်ထောင် အချင်းချင်း စစ်ခင်းခဲ့သည် ဖြစ်စေကာမူ နယ်ချဲ့လိုသော ၀ိသမလောဘဖြင့် စစ်ခင်းခဲ့သည်မှာ နည်းပါးလှသည်။ မရှိဟု မဆို။ နှစ်မင်း သုံးမင်းတို့ ခေတ်တွင် သူတပါးနိုင်ငံကို စစ်ချီခဲ့သည်မှာ မှန်၏။ သို့သော် ရည်ရွယ်ချက်ကို အရင်းအတိုင်း စစ်ချလိုက်သော် သူတပါးတိုင်းပြည်ကို အပိုင်သိမ်း၍ ကျွန်စာရင်း သွင်းရန် စိတ်ကူးများစွာမရှိ။ သို့သော် မိမိတို့၏ နိုင်ငံသည် ဘုန်းတန်ခိုးကြီးမား ကြောင်းပြလိုသော အာသီသကား ရှိခဲ့ပေ၏။
ဤသည်ကိုရည်ရွယ်၍လည်း လူမျိုးခြားတို့က ကျွန်ုပ်တို့ မြန်မာများသည် တန်ခိုး အာဏာ မက်မောတတ်သည်ဟု အကဲဖြတ်ကြပေသည်။ အာဏာ မက်သည်ဟုပြောပြော မမက်မောဟုပြောပြော လူမျိုးတမျိုး အနေဖြင့် ကျွန်ုပ်တို့သည် ရှေးခေတ် အစဉ်အလာအရ လောဘဇောမကြီးခဲ့သည်မှာ ကျွန်ုပ်တို့ အတွက် ဂုဏ်ယူစရာဖြစ်သည်ဟု ယူဆလိုပေသည်။ ယင်းကဲသို့လောဘဇော ထကြွခြင်းမရှိမှုကြောင့်လည်း ရှေးရှေးက စစ်တပ်ဆိုသည်မှာ နိုင်ငံတွင် ရှိသင့်ရှိထိုက်သည်ထက် မပိုခဲ့ဟု ကျနော်ယူဆလိုပေသည်။ ဥပမာ မိမိရာဇ၀င်ကို မိမိရေးရာတွင် မည်မျှပင် အပိုအဖျင်းများဖြင့် လိုရင်းထက်ကြွားပြီး ပြောကြစေကာမူ နိုင်ငံခြားသားတို့ ရေးမှတ်သော ရာဇ၀င်မှတ်တမ်းများအရ စစ်ကြောကြည့်သော် လောဘဇော ကြွ နိုင်လောက်သော စစ်သားအရေအတွက် များစွာမရှိချေ။ ခရစ်နှစ် ၁၃ ရာစုတွင် ကူဗလိုင်ခန်၏ “တရက်” (Turks) စစ်သည်တော်တို့သည် အာရှတတိုက်လုံးကို မွှေနှောက်နေချိန်ဖြစ်သည်။ သို့သော် ၁၂၇၇ ခု နရသီဟပတေ့မင်း လက်ထက် တရုပ်နှင့် တရက်တို အန္တရာယ် ကြီးမာလျှက်ရှိစေကာမူ မြန်မာစစ်တပ်မှာ ငဆောင်ချမ်းတိုက်ပွဲ အတွက် စစ်သည် လေးသောင်းသာရှိသည်။ တရုပ်တရက်တို့ဘက်မှမူ စစ်သားတစ်သောင်းနှစ်ထောင် ရှိသည်။ ကျယ်ဝန်းလှသော အာရှစစ်မြေပြင်တွင် စစ်သား တသောင်းနှစ်ထောင်ကို ဖြန့်ထားနိုင်သည်မှာ တရုပ်ပြည်၌ တော်တန်ရုံ လူဦးရေသာ ရှိလျှင် မဖြစ်နိုင်ချေ။
ခရစ်နှစ် ၁၃၆၈ - ၁၄၀၁ ခုနှစ် မင်းရဲကျော်စွာလက်ထက် ၌ စစ်သားဦးရေ တသောင်း နှစ်ထောင်သာရှိသည်ဟုဆိုသည်။ ၁၅၅၁-၁၅၈၁ ဘုရင့်နောင်လက်ထက်၌ကား စစ်သားဦးရေ တသိန်းစာရင်းပြုနိုင်ခဲ့သည်။ ထိုအခါက စစ်သည်တော်ထဲတွင် မြန်မာ ရှမ်း ယိုးဒယား လူမျိုးတို့ ပါဝင်ခဲ့ကြသည်။ခရစ်နှစ် ၁၆၁၃ ခုတွင် အနောက်ဘက်လွန်မင်းတြားသည် နတ်ရှင်နောင်နှင့် ငဇင်ကာတို့ကို လက်ရဖမ်းရန် တညင်သို့ စစ်ချီခဲ့ရာ၌ စစ်သား တသောင်းနှစ်ထောင်မျှ လာသည်ဟု အဆိုရှိသည်။ ထှိုမျှလောက်သော စစ်တပ်သည်ပင်လျှင် များလှသည်။ အလောင်ဘုရား ၁၇၅၂ - ၆၀ နှင့် ဆင်ဖြူရှင် ၁၇၆၃ - ၇၆ ခေတ်တွင် စစ်သား နှစ်သောင်းမှ လေးသောင်းအထိပင်တိုင် ထားခဲ့သည်။ မဟာဗန္ဓုလ၏ စစ်တပ်သည် ၁၈၂၄ ခု ဒီဇင်ဘာလ ၇ ရက် ဓနုဖြူတိုက်ပွဲ ဖြစ်ချိန်တွင် စစ်သားခြောက်သောင်းနှင့်ဖွဲ့ စည်းသော စစ်တပ်ဖြစ်သည်။ ၄င်းတို့အနက် သုံးသောင်းမှာ မတ်စကတ် ခေါ် သေနက်ကိုင်စစ်သားများဖြစ်သည်။ မဟာဗန္ဓုလ စစ်တပ်၏စွမ်းရည်မှာ မြေကတုတ်ဖြင့် စစ်ကိုခံခြင်း မြို့ ကိုခံတပ်ဆောက်ပြီး ကာကွယ်ခြင်း၌ အလွန်ထူးချွန်သည်ဟုဆိုပေသည်။ သူ၏စစ်တပ်တွင် တောင့်တင်းခိုင်မာ သန်စွမ်းသူတို့သာ များသည်ဟုဆိုသည်။
ဤအချက်တို့ကိုထောက်သော် ရှေးခေတ်က မြန်မာစစ်တပ်တို့၌ စစ်သားဦးရည်မှာ အဆမတန် များပြားခြင်းမရှိခဲ့ဟု ဆိုရပေမည်။ ဤအချက်ကို ထင်ရှားအောင်ပြနေသည်မှာ အခြားကြောင့်မဟုတ် အင်္ဂလန်ကျွန်း ဘုရင်မ အင်(န်) လက်ထက် ခရစ်နှစ် ၁၆၉၇ ခုနှစ်၌ ပြီးဆုံးသော စပိန်နှင့်ဖြစ်ကြသည့် စစ်ပွဲခေတ်တွင် ရှိနေသော အင်္ဂလန်စစ်တပ်များ အခြေအနေနှင့် ယှဉ်ကြည့်စေလိုသောကြောင့်ဖြစ်၏။ ယခုကျနော်ပြဆိုလတ္တံသော အချက်အလက်တို့မှာ ဂေါ့ဒ်ဖရေး ဒေးဗီးစ် (Godfrey Davies) ရေးသားသော “ဘုရင်မ အင်(န်)လက်ထက် စစ်သားစုဆောင်းရေး ဆောင်းပါးမှ ကော်နုတ်ချက်များဖြစ်သည်။
စပိန်နှင့် စစ်တိုက်နေသောခေတ်တွင် အင်္ဂလန်နှင့် အိုင်ယာလန် ကျွန်းများတွင် လူဦးရေ ခုနှစ်သန်းမျှ ရှိမည်ဟုခန့်မှန်းသည်။ ထိုခုနှစ်သန်းကိုကာကွယ်ရန် အတွက်စစ်တပ်မှာ တသိန်းခွဲမှ နှစ်သိန်းအထိ လိုလိမ့်မည်ဟုဆိုသည်။ သို့ရာတွင် စစ်တိုင်နေသော အချိန်၌ စစ်သား အများဆုံးရှိခဲ့သည်မှာ ခုနှစ်သောင်းမျှ ရှိလိမ့်မည်။သို့ရာတွင် စစ်ပြီးသော ၁၆၉၇ ခု၌ စစ်သားလက်ကျန်မှာ နှစ်သောင်းငါးထောင်မျှသာ ကျန်ခဲ့သည်။ ထို့ကြောင့် ပင်တိုင်ထားရသော တပ်အတွက် စစ်သားစုဆောင်းရန်လိုသည်ဟု ဆိုခဲ့ပါလျှင် နောက်ထပ် လေးသောင်း ငါးထောင်စုရန်ရှိသည်။ သို့ရာတွင် လိုအပ်သော စစ်သားဦးရေ ခုနှစ်သောင်းကိုစုရန် အတော်ပင်ခဲယဉ်းခဲ့သည်။ တနှစ်တနှစ်လျှင် စစ်သား တသောင်းခန့်မှန်မှန်စုရန် အမြဲလိုနေသည်။
စစ်သားစုဆောင်းသည့်အခါ ၀ါဒဖြန့်ရသည်လည်းရှိ၏။ နပိုလီယန်သည် စာမတတ်သူတို့ အဖို့ ကာတွန်းကျေညာစာတမ်းများ ဝေငှပြီး စစ်သားစုဆောင်းခဲ့ရာ အလွန်အထမြောက်ခဲ့သည်။ သို့သော် ဘုရင်မ အင်(န်)၏လက်ထက်၌ စစ်တိုက်ခြင်းကို ခရစ်ယာန် သာသနာပြုအင်အားစုတို့က သဘောမတူကြချေ။ တိုရီကဲ့သို့သော နိုင်ငံရေးအဖွဲ့ စည်း ဂိုဏ်းဝင်တို့ကပင်လျှင် ပြည်ပသို့ စစ်ချီရေးကို ကြိုက်နှစ်သက်ကြဟန်မတူ။ စစ်သားစုဆောင်းရာတွင် အခရာဖြစ်သော တရားသူကြီးတို့ကပင်လျှင် စစ်ထဲဝင်လိုသူတို့ကို အားမပေးသည့်အပြင် စိတ်မပါအောင်ဟောပြောကြသည်။ လူထု၏ သဘောဆန္ဒအရမှာလည်း ပင်တိုင်ထားအပ်သော တပ်ရင်းဖွဲ့ စည်းခြင်း ကိစ္စကို သဘောမမျှကြချေ။
ထို့ကြောင့် စစ်သားစုဆောင်းရေးမှာအတော်ပင်ခက်ခဲသည်။ ထိုခေတ်က ထုတ်ဝေသော စာရွက်စာတမ်းများကို လေ့လာသည်ရှိသော် မိမိဝမ်းစာကို မိမိကောင်းမွန်စွာ ရှာကြံစားသောက်နေသော ကျွမ်းကျင်သည့်အလုပ်သမားတဦးအား ဘုရင်နှင့် တိုင်းပြည်အတွက် အငတ်ငတ် အပြတ်ပြတ် ဘ၀၌ အမှုတော်ထမ်းရွက်ရန် ဖြားယောင်းသွေး ဆောင်ရသော အလုပ်မှာ တာဝန်ကြီးလှသည်ဟုဆိုသည်။ စစ်သားဆိုသူကို သန်းနှင့် ပြည့်တန်ဆာ များကသာ ပိုမိုလေးစားသည်ဟု မှတ်ချက်ချကြသည့်အပြင် စစ်သားဘ၀နှင့် ကိုယ့်ဝမ်းကိုယ်ထိန်းကျောင်းရာ၌ တောင်းခံစားသောက်တတ်ရမည်။ သို့မဟုတ် ခိုးတတ်ဝှက်တတ်ရမည် သို့မှသာလျှင် အနှစ် နှစ်ဆယ်ခန့်စစ်မှုထမ်းပြီး ဆာဂျင်ရာထူး ရနိုင်မည်။ အနှစ် နှစ်ဆယ်အတွင်းမသေ ကျန်ရစ်ခဲ့ပြီး အသက် ခြောက်ဆယ်တိုင်အောင် နေရပါမူကား အကျိုးအကန်းဘ၀နှင့် ဂုဏ်ထူး ဘွဲ့ ထူး ရနိုင်ပေလိမ့်မည်ဟု စိတ်ပျက်လောက်အောင် ရေးသားထားပေသည်။
အထူးသဖြင့် “ခရီးသည် ဂါလီဗာ”၏ ၀ထ္ထုကို ရေးသားသူ ဆွစ်ဖ်ထ် (Swift) ကစစ်သားဟူသည် မိမိနှင့်ရန်ဘက်မဟုတ်သော လူသားအချင်းချင်းကို သတ်ဖြတ်ရသော လူမျိုးစားဟု ရေးသားခဲ့ပေသည်။ ဤကား ထိုခေတ်က ဘုရင်တို့အတွက် စစ်ပွဲများတွင် လူထုက သဘောထားပုံဖြစ်သည်။ လူထုသည် လူထုအနေဖြင့် မိမိဘာသာ ဧဧနေနိုင်သော အလားအလာရှိခဲ့သည်။ ထို့ကြောင့်ဘုရင်တို့က သူတို့အကျိုးငှာ တန်ဆာခံစေခိုင်းသော အခါ စိတ်မပါကြချေ။ ဤခေတ်တွင်ကား ထူထုသည် လူထုလုံခြုံရေးအတွက် တိုက်ခိုက်နေကြလေရာ ဘုရင်စနစ်ကို အလုပ်အကြွေး ပြုသော စိတ်ထားမျိုးဖြင့် ငါနှင့်မဆိုင် ဟု သဘောထား၍ မရနိုင်ပြီ။
ဘုရင်မ အင်(န်) ခေတ်က စစ်သားစုဆောင်းရာတွင် စစ်သားဟောင်းတို့အား စစ်ထဲဝင်လျှင်ဝင်ချင်း သျှီလင် ၄၀ ပေးသည်။ လူသစ်တို့အား သျှီလင် ၃၀ ပေးသည်။ စစ်မှုထမ်းကြသော အခါ တပတ်လျှင် သုံသျှီလင် ခြောက်ပဲနီမျှသာရကြသည်။ ဘုရင်မ၏ အစိုးရကမူ စစ်သားတိုင်းအတွက် လိုအပ်သော ၀တ်စုံများကို တစုံစီ ချီးမြှင့်သည်။ ရေတပ်သားတို့မှာ တလလျှင် ၁၈ သျှီလင်ရသည်။ အစားအသောက် အလကားစားရသည်။ ကြည်းတပ်မတော်သားတို့မှာ တခါတရံ တနှစ်လျှင် ၁၀ပေါင်မျှသာ စည်လေသည်။ ထို့ကြောင့်လည်း စစ်သားစုဆောင်၍ကောင်းကောင်း မရနိုင်ဖြစ်ခဲ့သည်။
များသောအားဖြင့် စစ်သားစုဆောင်းနည်းမှာ ဂျပန်တို့ ချွေးတပ်စုဆောင်းသလို စုဆောင်းနည်းဖြစ်သည်။ စပေါ်ငွေ သျှီလင် ၄၀ကို စာရင်းသွင်းလျှင် သွင်းချင်း ပေးလေရကား လူရည်လည်သော စစ်သားဟောင်းတို့မှာ နာမည်အမျိုးမျိုးဖြင့် တပ်အမျိုးမျိုးသို့ သွားရောက်ကာ ခဏခဏ စာရင်း သွင်းခြင်းဖြင့် တနှစ်လျှင် ပေါင် ၆၀ မျှစည်အောင် စာရင်းလိမ်သွင်းကြသည်။ စစ်သားစုဆောင်းရာ၌ အခက်အခဲတရပ်မှာ စစ်ထဲဝင်လာသူအား နေရာချမထားရသေးမီ ကောင်းစွာ ကျွေးမွေးသုတ်သင် နေထိုင်စေရန် နေရာမရှိခြင်းဖြစ်သည်။ ထို့ကြောင့် စစ်သားလောင်းများထွက် မပြေးနိုင်အောင် ထောင်ထဲတွင် အကျင်းချထားသည်။ စစ်သားလောင်းတို့ကို သယ်ယူပို့ဆောင်ရန် ယဉ်မရှိသည့် အတွက်ကြောင့် လပေါင်းများစွာ ဆင်းရဲဒုက္ခရောက်ကြရပြီးလျှင် ရောဂါသယ်နှင့် များစွာသော သန်မာသူလူငယ်တို့ သေကြေ ပျက်စီးကြရသည် ဟူ၍လည်း ရာဇ၀င်မှတ်စု မှတ်တမ်းတို့က ဖော်ပြထားသည်။
စစ်သားစုဆောင်းရာတွင် မိမိတို့ဘက်ပါလာအောင် သွေးဆောင်၍ ကတိဝါဒ ဖြန့်ရသော သဘောလည်း ရှိသည်။ ဥပမာ စိတ်နှလုံးကောင်းပြီး ကြင်နာတတ်သော ဘုရင်မအား ခစားရန် ဟူ၍၄င်း အ၀တ်အစားနှင့်တကွ သျှီလင် ၄၀ အပြင် စစ်သားလောင်းရရှိ နေသော လခကိုပါ ရစိမ့်မည်ဟု၍၄င်း မိမိတို့ သခင်ဖိနပ်ကို တိုက်ပေးရသော ဘ၀မှ ကျွတ်စေ ရန်ဟူ၍၄င်း မိန်းမတို့နှင့် ပျော်ပျော်ပါးပါး ဟားတိုက်၍နေနိုင်သော ကပ္ပတိန်ရာထူးသို့ ချက်ခြင်း တိုးမြှင့် ပေးမည်ဟူ၍၄င်း ကတိအမျိုးမျိုးပေးကြသည်။ ထိုကတိပေးချက်တို့ထက် ပိုမိုပြီး စိတ်ကို စွဲဆောင်စေနိုင်သော ကတိမှာ ကြွယ်ဝ ချမ်းသာသော မြို့ များကို သိမ်းပိုက်သည့်အခါ စစ်သားတို့လိုချင်ရာကို လုယက်ယူငင်နိုင်စေရန် မြို့ ရွာတို့ကို ဖွင့်ပေးမည်ဟူသောကတိ ပင်ဖြစ်သည်။
သို့ပါသော်လည်း ဖိနပ်ချုပ်ရချုပ်ရ အမဲသတ်သမားလုပ်ရလုပ်ရ စစ်သားတော့ မလုပ်ပါရစေနဲ့ ဟူသော အဓိပ္ပါယ်ရှိသည့် သီချင်းများသည် ထိုခေတ်က ခေတ်စားခဲ့ပုံကို ထောက်သော် ထိုကတိများသည်ပင်လျှင် များစွာ အရာမရောက်ဟုဆိုရန်ရှိနေသည်။ ထို့ကြောင့် စစ်သားစုဆောင်းရေး အာဏာပိုင်တို့သည် အကျဉ်းသမားများဆီသို့ ခြေဦးလှည့်ခဲ့ ကြရပြန်သည်။ အင်္ဂလိပ် ဘုရင်စနစ်၌ ကြွေးတင်သူသည် ကြွေးမဆပ်နိုင်ပါက ထောင်ချခံရ သည်။အကျဉ်းထောင်တွင် ကြွေးမှုကြောင့် ထောင်ကျခံနေရသော အကျဉ်းသမားများရှိသည်။ အသက် ၄၀ မကျော်သေးသော အကျဉ်းသမားသည် စစ်ထဲဝင်လိုသော် ထောင်မှ လွတ်ခွင့် ရသည်။ “ရော်ဘင်ဆန် ကရူးဆိုး ” ရေးသူ ဒီဖိုး၏ မှတ်စုများအရဆိုလျှင် ယခင်ကနည်းဖြင့် ကြွေးမှုကြောင့် ထောင်ကျနေသော အကျဉ်းသမားများသည် ငါးထောင် ခြောက်ထောင်မက ထောင်မှ လွတ်ခဲ့ကြပါ၏။ သို့သော် တကယ် စစ်ထဲဝင်ပြီး အမှုထမ်းသူတို့မှာ ၁ ရာပင်မပြည့် ဟုဆိုခဲ့ကြသည်။ များသောအားဖြင့် ထောင်မှ လွတ်သောအခါ အကျဉ်းသမားများက ဆိုင်ရာ စစ်ဗိုလ်များကို ၁၀ ဂီနီမှ ဂီနီ ၄၀ လဘ်ထိုးသည်ရှိသော် ထောင်ကလည်း လွတ်ပြီး စစ်တပ် ကလည်း လွတ်လေတော့သည်။ စစ်သားစုဆောင်းရာတွင် ကျွန်ုပ်တို့ မြန်မာဘုရင်ခေတ်က မောင်းတဒူဒူနှင့် စုဆောင်းသကဲ့သို့ အင်္ဂလိပ်ဘုရင်များသည်လည်း ဘင်တီးပြီး စုဆောင်းကြ သည်။ သို့သော် သီချင်းသံဖြင့် စိတ်ကို လှုပ်ရှားထကြွအောင် လုပ်မရသောအခါ အရပ်သားတို့ ကို အရက်မူးအောင်တိုက်ပြီး စစ်ထဲသို့ ခေါ်သွားသည်လည်း ရှိသည်။
ထို့ပြင်လည်း မြို့ နှင့် ကျေးရွားများတွင် မြို့ သူကြီး ရွာသူကြီးတို့က ရုံးထိုင်ပြီး မည်သူ မည်ဝါသည် စစ်မှုထမ်းသင့်သည်ဟု ဆုံးဖြတ်ကာ စစ်ထဲသွင်းသည်လည်း ရှိသည်။ ထိုကဲ့သို့သော အရပ်များတွင် လူထုအင်အား ကောင်းသည်ရှိသော် လူစု၍ စစ်သားလောင်းကို ပြန်လုသည့် အမှုအခင်းများလည်းပေါ်ပေါက်ခဲ့သည်။ ထိုမှတပါးလည်း ပြင်သစ်တို့ကို အလွန် မုန်းတီးသော လူမျိုးရေး စိတ်ရှိသူတို့အတွက် ပြင်သစ်ရှင်ဘုရင်ကို ဆွဲချရန် စစ်ထဲလိုက်ပါ ကြပါ ဟုတရားဟောကာ သိမ်းသွင်းခြင်းများလည်းရှိပေသည်။ ထိုသို့မှ မရလျှင် ပုလိပ်နှင့် တရားသူကြီးတို့က ချွေးတပ်ဆွဲ သကဲ့သို့ အတင်းဆွဲလေတော့သည်။ ထိုခေတ်က ထိုစနစ်ဖြင့် စု၍ရသော စစ်သားကို လူထုက အဘယ်သို့ သဘောထားပါသနည်း။
လူထုသဘောထားမှာ စစ်သား၏ အပြုအမူပေါ်မူတည်သည်။ အထက်ပါနည်းအမျိုးမျိုး တို့ဖြင့် ဆွဲဆောင်ပြီး ရတတ်သမျှသော စစ်သားတို့၏ အပြုအမူမှာ မည်သို့ရှိလေမည်ကို ကျနော်ထုတ်ဖော်ပြောမပြမီပင် အများက အကဲခပ်ပြီး ဖြစ်ပေလိမ်မည်။ ထိုဧကရာဇ် စနစ်အရ ဘုရင်မကြီးအတွက်ဟု ရည်ရွယ် ချက်ပြုကာ စစ်ချီရသော ခေတ်တွက် စစ်သားဟူသည်မှာ ကျနော်တို့မြန်မာစကားနှင့် ဆိုလေသော် “လူလွန်မသား ကာသားငါးရာ” မျှသာဖြစ်သည်။ ထို့ကြောင့် စစ်သားဘ၀ကို ထိုဘုရင်မလက်ထက်၌ အာဇာနည်ပမာ မချီးကျူးလိုကြဘဲ စစ်ထဲ လိုက်မည့်သူဆိုလျှင် မိဘမောင်ဖွား ဆွေမျိုးသားချင်းတို့က ၀ိုင်းတားကြသည်။ ချစ်မည့် ခင်မည့် သူကင်းမဲ့သော တကောင်ကြွက်တို့ကို သာလျှင် စစ်ထဲ အတင်းဆွဲထည့်နေချိန်တွင် ထိုစစ်သားတို့ဘ၀မှာ ကျနော်တို့ မြန်မာသီချင်း တစ်ခုတွင်ပါဝင်သော ယိုးဒယား ချီရသည့် စစ်သားကလေး၏ဘ၀နှင့် အလားသဏ္ဌန် တူပေလိမ့်မည်။
ထိုသီချင်းမှာ အခြားမဟုတ် မွေးမေလေး သူမသနားလို့၊
ရွှေသားကိုတဲ့ ထည့်လိုက်လေ၊
ယိုးဒယားပြေ။
ဟူသော လေးဆစ်ကဗျာ ဖြစ်ပေသည်။ “အမေက မသနားလို့ စစ်ထဲထည့်လိုက် သည့်နောက် အမေ့ကို မလွမ်းပါဘူး” ဟူသော အဓိပ္ပါယ်ရသည်။ စင်စစ် ထိုခေတ်က စစ်သားတို့ကားအမေကိုလွမ်းသော စစ်သားမဟုတ်သဖြင့် အမေကလည်း သူ့ကိုပြန်မလွမ်း ချေ။ ရွာတရွာကို ၀င်စီးမိပြီဟုဆိုလျှင် ကျဆုံးသော ရန်သူ၏ မုဆိုးမများ သမီးများ ကိုသိမ်းပိုက်ကြရန်သာ စိတ်စောလျှက် ရှိကြပေသည်။ ရွာလုံကျွတ်လုယက်ရန်သာ စိတ်စောလျှက်ရှိကြပေသည်။ ထို့ကြောင့်လည်း ထိုခေတ်က စစ်သားကို မြတ်နိုးသူမှာ ပြည့်တန်ဆာနှင့် သန်းများဖြစ်သည်ဟု အင်္ဂလိပ်စာပေသမားတို့က စာချိုးပြီး မှတ်တမ်းတင် ကြခြင်းဖြစ်သည်။ ပြည့်တန်ဆာတို့က စစ်သား၏လခ တည်းဟူသော အဆီအသားကိုစုပ်ယူသည်။
ဤဆောင်းပါဖြင့် ကျနော်သည်ရှေးဘုရင်ခေတ် အခြေနေကို ပြောပြနေသဖြင့် စာရှုသူတို့ သည် ယခုခေတ် အခြေကို ပြန်ပြောင်းတွေမိကြပေလိမ့်မည်။ ဥပမာအားဖြင့် အင်္ဂလန် ပြည်တွင် နုစဉ်အခါက စစ်တပ်ဖွဲ့ စည်းမှုမှာ ကျွန်ုပ်တို့ထက် အဆအရာ အထောင်မျှ အခြေဆိုးသည်ကို သတိပြုကောင်းပြုမိကြလိမ့်မည်။ ယင်းသို့သတိပြုမိခြင်းကြောင့် မိမိ၏ အမျိုးသား စစ်တပ်အပေါ် သဘောထားကြီးကြီးထားလိုသော စိတ်များ ၀င်စားကောင်း ၀င်စားလာကြပေလိမ့်မည်။ ယင်းသို့ဆိုလျှင် ကနော်၏ဆောင်းပါးမှာ တချက်ခုတ် နှစ်ချက်ပြတ် ဆိုသလိုအကျိုးရှိရာ ရှိကြောင်း ဖြစ်ပေလိမ့်မည်။ သို့ရာတွင် ကနော်ကား စစ်တပ်ဘက်မှ သက်သက် ရှေ့ နေလိုက်ပေးရန် ရည်ရွယ်ချက်မထားပါ။ ရှေးရှေးတုန်းက စစ်သားဆိုသည်မှာ ဥရောပ အင်္ဂလန် စသည့် တိုင်းပြည်များမှ စစ်သားများပင် ဖြစ်စေကာမူ ချို့ ယွင်းချက်များ ရှိပါကလား ဟူသော ထင်မြင်ချက်ဖြင့် ချွတ်ယွင်းသူတို့ကို နမူနာယူစေလိုသည့် သဘောထားမျိုးလည်း မရှိစေလိုပါ။ ထို့ကြောင့် ချွတ်ယွင်းချက်တို့ကို ဖော်ပြနေစေကာမူ ကောင်းသော နှလုံးသွင်းမှု ရှိစေရန်ကိုမူကား ကျနော် အထပ်ထပ် အခါခါ တိုက်တွန်းလိုပါသည်။
အကြောင်းသောတမူကား ယခုကျနော်တို့ရောက်ရှိနေသောခေတ်သည် ဘုရင်မ အင်(န်) ၏ခေတ်ကကဲ့သို့ ဘုရင့်အတွက် စစ်တိုက်နေသော ခေတ်မဟုတ်တော့ပြီ။ ကျနော် အထူး လေးနက်စွာဖော်ပြလိုသော အချက်မှာ ဤအချက်ဖြစ်သည်။ ဤခေတ်ကား ထူထုခေတ် ပင်ဖြစ်သည်။ လူထုတည်းဟူသော အသိုက် အ၀န်းထဲတွင် မိဘ ဆရာသမား ဆွေမျိုးသားချင်း အကြီးအကဲ တပည့်တပန်း စသည့် အစိတ်အပိုင်းတို့ ပါဝင်လျှက်ရှိသည်။ နိုင်ငံတော်ကာကွယ်ရေးဆိုသည်မှာ ထိုအသိုက်အ၀န်း၏လုံခြုံမှုပင်ဖြစ်သည်။ စစ်သားဟူ သည်မှာ မိမိတို့မိဘ ဆရာသမား ဆွေမျိုးသားချင်း အကြီးအကဲ တပည့်တပန်းများ အတွက် လုပ်ဆောင်နေရသော ယောကျာ်းအာဇာနည်တို့ဖြစ်သည်။ ပြုပြင်ရေးဆိုသည်မှာ မိမိဘ၀ အခြေမှန် အနေမှန် ကို မိမိကိုယ်တိုင်သိလာမှ သာလျှင် ထိရောက်သော ပြုပြင်ရေးဖြစ်နိုင် သည်။
ကျနော်တို့ တပ်မတော် ဖြစ်စဉ်ကိုပြန်ကြည့်လျှင် ထိုတပ်မတော်သည် အမျိုးသားတို့၏ လွတ်မြောက်ရေး စိတ်ဆန္ဒဖြင့် ယှဉ်ပြီး ပေါ်ထွန်းလာသော တပ်မတော် ဖြစ်သည်။ ဤအချက်မှာ အလွန်မွန်မြတ်လှပေသည်။ ထိုမွန်မြတ်သော ရည်ရွယ်ချက်ဖြင့် ကျွန်ုပ်တို့၏ တိုင်းပြည်ရှိ လူ့  အဖူးအညှောက် များသည် ဓားမတို တချောင်းမျှပင် ကိုင်ဆောင်နိုင်ခွင့်မရှိ ခဲ့သော အခြေမှသည် ခေတ်မီလက်နက် အမျိုမျိုး တို့ကို စည်းကမ်းတကျ ကိုင်ဆောင်နိုင်သည့် အခြေသို့ ရောက်အောင် ကြိုးပမ်းခဲ့ကြသည်။ ယင်းသို့ ကြိုးပမ်းရာတွင် ကနော် တို့ လူငယ် အဖူး အညှောက်များ၏ အသက်ပေါင်းများစွာတို့ကို ပူဇော်ခဲ့ရသည်။ နှောင်းလူတို့၏ ဘ၀ တည်မြဲရေးအတွက် ရှေးလူတို့ အသေခံသွားကြရာ၌ အသေခံသူတို့ သေရကျိုးနပ်အောင် အသက်ရှင်နေသူတို့က ကျိုးပမ်းရန်တာဝန်ရှိနေသည်။ တပ်မတော်ထဲတွင် ထိုတာဝန်သိ ပုဂ္ဂိုလ် တို့ အများပင်ရှိသည်ဟု ကျွန်ုပ်တို့ ယုံကြည်ပေသည်။ ထို့ကြောင့်ဤ ဆောင်းပါးသည် တာဝန်သိသူတို့အားပူဇော် သော ဆောင်းပါး ဖြစ်ပါစေသတည်း။


မောင်ထင်ရေးသည်။ ၁၉၅၂ ခုနှစ် ဒီဇင်ဘာလထုတ် မြ၀တီမဂ္ဂဇင်း အတွဲ (၁)၊ အပိုင်း (၂) ။

No comments:

Post a Comment