အဲပုဂံ လေကြောင်း လိုင်းသည် မကြာသေးမီက ၀ယ်ယူထားပြီး ဖြစ်သော လေယာဉ် သစ်များဖြင့် ပြည်တွင်း ပြည်ပ ခရီးစဉ်များကို တိုးချဲ့ ပျံသန်းမည်ဟု သိရသည်။
လေယာဉ်သစ် ၃ စီး ထက် မနည်း ၀ယ်ယူထားရာ ထိုအထဲတွင် A-320 ၁ စီး၊ ATR 72-500 ၂ စီး ပါဝင်ကြောင်း အဲပုဂံ လေယာဉ်မှူးကြီး တဦးက ပြောသည်။
[ဗိုလ်ချုပ်ကြီးများနှင့်အတူ တွေ့ရသော အဲပုဂံလေကြောင်းလိုင်း ပိုင်ရှင် ဦးတေဇ (ဓာတ်ပုံ - Lotus)]
ဗိုလ်ချုပ်ကြီးများနှင့်အတူ တွေ့ရသော အဲပုဂံလေကြောင်းလိုင်း ပိုင်ရှင် ဦးတေဇ (ဓာတ်ပုံ - Lotus)
ထို လေယာဉ် သစ်များဖြင့် ပြည်ပ ခရီးစဉ် တိုးချဲ့မည်ဟု အဲပုဂံ လေကြောင်းလိုင်း ဒါရိုက်တာ အဖွဲ့ဝင် တဦးက အတည်ပြု ပြောသည်။
“ဒီနှစ်ကုန် ပိုင်းလောက်ကျရင် ထိုင်း၊ စင်ကာပူ၊ မလေးရှားနဲ့ အခြား အာဆီယံ နိုင်ငံတွေကို ခရီးစဉ်သစ်တွေ ထပ်ပြီး ပျံသန်းဖို့ ရှိတယ်။ ပြည်တွင်း မှာလည်း ခရီးစဉ်တွေ ဖြန့်ကြက် ပျံသန်းဖို့ ရှိတယ်” ဟု သူက ရှင်းပြသည်။
အဲပုဂံတွင် စုစုပေါင်း လေယာဉ် ၈ စီး ရှိသည်။ လေယာဉ် အမျိုးအစား များမှာ A310 ၂ စီး၊ F-100 ၂ စီး၊ ATR-72 ၂ စီး၊ ATR-42 ၂ စီးတို့ ဖြစ်သည်ဟု အဲပုဂံ၏ ဖေဖော်ဝါရီလထုတ် Lotus စာစောင်တွင် ဖော်ပြထားသည်။ လေယာဉ်သစ်များ ထပ်မံ ရောက်ရှိ လာပါက လေယာဉ် စုစုပေါင်း ၁၀ စီးကျော် ရှိလာမည် ဖြစ်သည်။
ယခုအခါ မြန်မာပြည်တွင်း ၁၆ မြို့၊ အာရှ ၇ နိုင်ငံသို့ ပြေးဆွဲနေသည်ဟု သိရသည်။
သက်တမ်း ၅ နှစ်ကျော်လာပြီ ဖြစ်သည့် အဲပုဂံ၏ ခရီးစဉ်များမှာ အောင်မြင်မှုရရှိ နေကြောင်း ရန်ကုန်မှ ခရီးသွား အေဂျင်စီများက ပြောသည်။
“အဲပုဂံက ပြေးနေတဲ့ ပြည်တွင်းပြည်ပ ခရီးစဉ်တွေ အားလုံးရဲ့ လေယာဉ်လက်မှတ်က ဘွတ်ကင်တွေ အပြည့်ပါပဲ။ မေ၊ဇွန်လောက်ထိကို ပြည့်နေတာပါ” ဟု ရန်ကုန်မှ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ် တဦးက ပြောသည်။
အဲပုဂံပိုင်ရှင် ဦးတေဇသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စီးပွားရေး လူယုံ ဖြစ်သည်ဟု ရန်ကုန်မှ လုပ်ငန်းရှင်များက ယူဆကြသည်။
အဲပုဂံ နှင့် ပြိုင်ဘက် ဖြစ်နေသော လေကြောင်းလိုင်း တခုမှာ အပြည် ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း(MAI) ဖြစ်သည်။
MAI ကို ကမ္ဘောဇဘဏ်က ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်တော့မည်ဟု ရန်ကုန်အခြေစိုက် 7 DAYS ဂျာနယ်က ဖေဖော်ဝါရီလဆန်းတွင် ရေးသားခဲ့သည်။ ထိုဘဏ်၏ ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းသည် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ စီးပွားရေး လူယုံ ဖြစ်သည်ဟု သိရသည်။
အဲပုဂံ နှင့် MAI တို့ လေကြောင်း ခရီးစဉ်များ အပြိုင် ပြေးဆွဲနေသောကြောင့် စစ်အစိုးရ ခေါင်းဆောင် နှစ်ဦး၏ လူယုံနှစ်ဦး အကြား စီးပွားရေး ပြိုင်ဆိုင်မှု အမြင့်ဆုံး ရောက်နေသည်ဟု ဆိုနိုင်ကြောင်း ရန်ကုန်မှ စီးပွားရေးသမားတချို့က သုံးသပ်ကြသည်။
လေကြောင်းလိုင်း ၂ ခုလုံး၏ အာရှနိုင်ငံ ခရီးစဉ် အများအပြား တူညီနေကြောင်း တွေ့ရသည်။
http://irrawaddy.org/bur/index.php/news/1-news/2956-2010-04-07-11-22-38 မှကူးယူဖော်ပြသည်။
No comments:
Post a Comment