ရင်ဘတ်ကဒဏ်ရာ မွေးကတည်းကပါလာတာမို့
တမျိုးရယ်တော့ထင်ကြမယ်..
မြန်မာပြည်မှာလူဖြစ်တာကို
ငယ်ငယ်ကတော့ကျေနပ်ပီတိဂွမ်းဆီထိခဲ့တယ်
ငယ်ငယ်ကတို့တွေပြောခဲ့ကြတယ်
အီသီယိုးပီးယား တဲ့
သူတို့တွေကိုကြည့်ပြီးသနားခဲ့တယ်
ခုတော့သိလိုက်ပြီ……
ငါ သနားရမယ့်သူကို… အဲဒီသူက
ငါကိုယ်တိုင်ဆိုတာကို ခုမှသိခဲ့ရတယ်…
ငါ့ကိုယ်ငါမကျေနပ်လို့
အိပ်ယာထက်မှာ ကြိတ်ငို ငါတစ်ယောက်ထဲလို့ထင်ခဲ့တယ်
နားလေးနဲနဲ စွင့်လိုက်တော့အလို..
ဒို့နိုင်ငံတစ်ခုလုံး ငိုကြွေးနေတာပါလား..
ဘာလို့ပါလိမ့်ဆိုတာ မေးကြည်ချင်တယ်
ဒါပေမယ့် ငါကိုယ်တိုင်ကကော
ရယ်ပြုံးခဲ့ရဘူးလား ဆိုတာပြန်တွေးကြည့်တယ်
သူတို့ဘက်ကရပ်တည်ပေးမယ့်
အာမခံချက်ဆိုတာဘာမှမရှိဘူး
ငါကိုယ်တိုင်ကော အာမခံချက်ရှိလို့လား
မှန်တာလုပ်ပြီးမှန်တဲ့အတိုင်းမပြောရဲကြသူတွေ
မှားတာတွေလုပ်နေပေမယ့်
ကောင်းစားနေကြတဲ့သူတွေ
ငါကြားဖူးတာလေးပေါ့
မကောင်းတဲ့အစိုးရလက်ထက်မှာ
ကိုယ်ကျင့်တရားမကောင်းသူတွေ
ကြီးပွါးတယ်တဲ့
ဟုတ်တယ်မဟုတ်တယ်တော့မသိဘူး
ရိုးသားစွာရှာဖွေတဲ့သူတွေ
ထမင်းမငတ်ရုံဆိုတာပဲငါသိတယ်
မင်းလည်း မင်းမိသားစုကိုပြန်ကြည့်လိုက်ပါဦး
သူတို့တွေဘာတွေပြောနေကြလဲ
တကယ်တမ်းပြည်သူလူထုလိုလားတောင့်တတာ
ဘာလဲဆိုတာမင်းလည်းသိမှာပါ
ဒါကိုတို့တွေ လျစ်လျူမရှုထားသင့်ဘူး
တို့တွေလက်ထက်မှာ
ပြည်သူထဲကပြည်သူဖြစ်တဲ့ဒို့တွေက
ဘာမှမလုပ်ပေးနိုင်ခဲ့ရင်
နောင်လာမယ့် ဒို့မျိုးဆက်သစ်တွေမှာ
ပိုလို့ဒုက္ခရောက်ကြလိမ့်မယ်
ဒို့တွေဟာလည်း
နောင်တစ်ချိန်မှာအသုံးမကျတဲ့
မျိုးဆက်တစ်ခုရယ်လို့
ပြောဆိုခံပြီးသမိုင်းရဲ့ စာမျက်နှာမှာ
ဒဏ်ခတ်ခြင်းခံရရင်ဖြင့်
တို့ကျခဲ့တဲ့ သွေး ၊ ချွေး နဲ့ မျက်ရည်တွေဟာ
အလဟသဖြစ်ကြရင်ဖြင့်
ဒို့တွေဟာ ဒီခေတ်ကိုကျော်လွှားခဲ့ကြပါလျက်
ကြိုးစားခဲ့ကြပါလျက်နဲ့
သမိုင်းမှာဖျောက်မရတဲ့ အမည်းစက်အဖြစ်
ကျန်ရစ်ခဲ့ရလိမ့်မယ်
ရယ်သံကိုလိုလားလို့
အပြုံးပန်းကိုဆင်မြန်းစေချင်လို့
ဒို့တွေဟာ ကြိုးစားကြရမယ့်အချိန်ပါ
ကြည့်ပြီးကျေနပ်ရမယ့်အချိန်မဟုတ်သေးဘူး
ငါ ရယ်သံတချို့တော့ကြားတယ်
ဒါပေမယ့် သာယာတဲ့ရယ်သံမဟုတ်ဘူး
ပျက်ရယ်ပြုတဲ့ရယ်သံ
လှောင်နေတဲ့ရယ်သံတွေရယ်ပါ
တို့တွေကိုအုပ်ချုပ် ထင်ရာကိုလုပ်ဖို့
အာဏာကို သေနတ်ပြောင်းမှာသီလို့
နိုင်ရာစား လည်သူစားပြီး
အစိုးရအာဏာဟာဒို့ပြည်သူတွေကို
လှောင်ရယ်ဖို့လားရယ်လို့တောင်တွေးမတယ်
သူတို့ရဲ့လှောင်ရယ်သံတွေကြားမှာ
ငိုကြွေးချင်းကိုတိတ်တိတ်လေးခိုးလုပ်လို့
ငါလည်းပဲ ကြောက်ရွံ့နေတတ်ပြီလား
ငါ့ကိုယ်ငါမာန်တင်းလို့
အားအင်တချို့ကိုမွေးလိုက်တယ်
ငါ့အတွက်တော့မဟုတ်တော့ဘူး
နောင်လာမယ့် ငါတို့ရဲ့မျိုးဆက်သစ်တွေအတွက်ပေါ့
ငါဒို့ရဲ့ ဒီနေ့လုပ်ရပ်ဟာ နက်ဖန်မှာသမိုင်းပဲ
ဒီသမိုင်းမှာ ဒို့တွေဟာ
အနာဂတ်အတွက်ကြိုးစားခဲ့တယ်ဆိုတာ
နောင်လာနောင်သားတွေသိဖို့လိုတယ်
ငါတို့ရဲ့ အားအင်တွေကိုလည်း
သူတို့ကိုမျှဝေပေးကြရမယ်….
ငိုနေတဲ့ မျက်လုံးတွေကို
အငိုတိတ်စေဖို့
ဒို့တွေဟာ မျက်ရည်ကို သွေးနဲ့အစားထိုးကြရမယ်
သွေးသက်သေ သာမှန်ခဲ့ရင်
ဒို့စိတ်ဓါတ်တွေ သန်ခဲ့ရင်
အနာဂတ်မှာ အငိုတိတ်ဖို့က
ဒို့ရဲ့ လက်ထဲမှာပါ………….
ဗိုလ်ရဲထက်(၃-၄-၂၀၁၀)။
ကဗျာက ကောင်းတယ် ။ ပြည်သူတွေနဲ့ မျှပြီးခံစားတဲ့ ကဗျာမို့  ကျွန်တော့အတွက်ဖတ်လို့ ပိုကောင်းတယ် ။
ReplyDelete