မျိုးချစ်စစ်သည်

ပညာမဲ့သော ထိုသူသည်- ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုပဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ရောက်ရ၏။

ခုကတော့ ...

User Online

လာလည်သူပေါင်း

Cabo Yachts

အချုပ်အချာအာဏာဆိုတာဘာလဲ

Tuesday, April 6, 2010

ဖိနပ်ကြားက နတ်စကားထွက်တဲ့ နအဖပြောတဲ့ အမျိုးသားနိုင်ငံရေး ရဲဘော်ဖိုးသံချောင်း

မတ်လ (၂၇) ရက်နေ့က ဗိုလ်သန်းရွှေရဲ့ မိန့်ခွန်းထဲမှာ သူတို့စစ်တပ်ဟာ အမျိုးသားနိုင်ငံရေးကို လုပ်သွားမယ်လို့ ထပ်မံ အတည်ပြုပြောသွားတာ ကြားလိုက်ကြရပါတယ်။ ပြောရရင် မြန်မာပြည်နိုင်ငံရေးမှာ အတော်လေးကြားကြရတဲ့ အသုံး အနှုန်းတွေထဲမှာ ဒီ “အမျိုးသားနိုင်ငံရေး” ဆိုတာလည်း ပါဝင်ပါတယ်။ ဒီအသုံးအနှုန်းနဲ့တွဲပြီး ကြားရလေ့ရှိတဲ့ နောက်အသုံး အနှုန်းတခုကတော့ ပါတီနိုင်ငံရေးဆိုတာပဲ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်းနှစ်ခုကို တနေရာစီသုံးကြတာကတော့ ကြာပါပြီ။ ဒါပေမယ့် အခုလို ဒီနှစ်ခုတွဲပြီး သုံးနှုန်းတာကတော့ စစ်အစိုးရများ၊ အထူးသဖြင့် န၀တ-နအဖ လက်ထက်ကျမှ ခေတ်စား လာတယ်ဆိုရင် မမှားဘူးထင်ပါတယ်။

တကယ်က အမျိုးသားနိုင်ငံရေးဆိုတဲ့ စကားလုံးကို ကိုလိုနီလက်ထက်၊ သူ့ကျွန်ဘ၀တုန်းက နယ်ချဲ့နဲ့ ဖက်ဆစ်ကို တွန်းလှန်လှုပ်ရှားမှုတွေမှာ စသုံးခဲ့တာပါ။ တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ နိုင်ငံရေးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ နိုင်ငံရေး သမားတွေ၊ ပါတီအဖွဲ့အစည်းတွေက တီထွင်ခဲ့တဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ စစ်တပ်ကတီထွင်တဲ့ စကားလုံးမဟုတ်ပါဘူး။ ဒါပေမယ့် အခု န၀တ-နအဖတို့လက်ထက်ကျတော့ ဒီအသုံးအနှုန်းနဲ့ သူတို့ကိုယ်သူတို့ ကယ်တင်ရှင်ကြီးတွေလို့ အမွှန်းတင်ပြီး ကျန်တဲ့နိုင်ငံရေး အင်အားစုတွေကိုတော့ ကိုယ်ကျိုး၊ ကိုယ့်ပါတီအကျိုးသာကြည့်သူလို့ အပုပ်ချတိုက်ခိုက်တဲ့ အဓိပ္ပာယ်နဲ့ တွင်တွင်သုံးနေတာ တွေ့ရပါတယ်။ သူတို့ရဲ့သဘောက ပါတီနိုင်ငံရေးလို့ ဆိုလိုက်တာနဲ့ပဲ မသန့်ရှင်းတဲ့နိုင်ငံရေးလို့ အဓိပ္ပာယ်ထွက်သယောင်ယောင် ဖြစ်နေပါတယ်။ ဒါကြောင့်မို့ တချို့ကျောင်းသားတွေ၊ သာမန်လူတွေကတောင် မိမိတို့ လုပ်တာဟာ ပါတီနိုင်ငံရေးမဟုတ်ဘူး၊ အမျိုးသားနိုင်ငံရေးဖြစ်တယ်လို့ အင်မတန်သတိကြီးစွာနဲ့ ပြောကြားသံတွေ ကြားရပါတယ်။ ဒီလိုဖြစ်တာဟာ နအဖ လုပ်လိုက်လို့ ရှုပ်ထွေးကုန်တဲ့ လက္ခဏာဖြစ်ပါတယ်။

ဒီနေရာမှာ ထောက်ပြချင်တာတခုရှိပါတယ်။ ၁၉၉၀ ခုနှစ်ဆီတုန်းက “တို့ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ” ဆိုတဲ့ စာအုပ်ကို န၀တအစိုးရက ပြန်ထုတ်ခဲ့ပါတယ်။ တကယ်က အဲဒီစာအုပ်ဟာ မြ၀တီစာအုပ်တိုက်က ၁၉၅၉ ခုနှစ်မှာ (ဗိုလ်နေ၀င်းတို့ ပထမအကြိမ် အာဏာသိမ်းထားစဉ်ကာလ) ပထမဆုံးအကြိမ် ထုတ်ခဲ့တဲ့စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဖောင်းကားစားသမ္မတ ဒေါက်တာမောင်မောင်က စာမျက်နှာ (၅၀) လောက်ရှိတဲ့ အမှာစာကိုရေးတော့ အမျိုးသားနိုင်ငံရေး ဆိုတာကို တင်ပြတဲ့အနေနဲ့ ကျောင်းသားတွေနဲ့ နိုင်ငံရေးပါတီတွေကို ရန်တိုက်ပေးခဲ့ပါတယ်။ ဗိုလ်နေ၀င်းကို အသားလွတ် အမွှန်းတင်ပြီး တခြားနိုင်ငံရေးအင်အားစုမှန်သမျှကို တိုက်ခိုက်တာပါပဲ။ ဆိုလိုတာ ဒီပြောနည်းဆိုဟန်ဟာ စစ်အုပ်စုပထမ မျိုးဆက်ကနေ အခု ဗိုလ်သန်းရွှေတို့မျိုးဆက်အထိ ဆက်ခံစေခဲ့တဲ့ ၀ါဒဖြန့်နည်းဖြစ်တယ်ဆိုတာပါပဲ။ မသိနားမလည်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံရေးပါတီတွေကို ရန်တိုက်ပေးဖို့အတွက် တီထွင်ထားတဲ့ လှည့်ကွက်ဖြစ်ပါတယ်။

ဒါနဲ့တဆက်တည်း ထောက်ပြဖို့လိုတာက ဒီနေ့ နအဖခေါင်းဆောင်အားလုံးလိုလိုဟာ တချိန်က မဆလပါတီ ပါတီဝင်တွေ၊ တချို့ဆိုရင် ဗဟိုကော်မတီဝင်တွေ ဖြစ်ခဲ့ပါတယ်။ အဲဒီကာလတုန်းကတော့ ဗိုလ်နေ၀င်းရော၊ ဗိုလ်သန်းရွှေတို့ရော ဘယ်သူကမှ ပါတီနိုင်ငံရေးဟာ မကောင်းဘူးလို့ မပြောခဲ့ကြပါဘူး။ ပြောလိုက်ရင် အဲဒီတုန်းက တခုတည်းသောပါတီဖြစ်တဲ့ မဆလ ပါတီကို တိုက်ရိုက်ထိခိုက်တော့မှာ မဟုတ်ပါလား။ ဒါကြောင့် အခု နအဖထိပ်သီးတွေကို သူတို့ကော ပါတီနိုင်ငံရေး မလုပ်ခဲ့ဖူးဘူးလားလို့ မေးလိုက်သင့်ပါတယ်။

တကယ်က အမျိုးသားနိုင်ငံရေးဆိုတာကို လူတဦးတယောက်၊ ဒါမှမဟုတ် ပါတီတခုက ငါ (တို့) သာလျှင် လုပ်ခွင့်ရှိတယ်ဆိုပြီး ကိုယ်ပိုင်ပစ္စည်းလို လုပ်လို့မရပါဘူး။ အလားတူပဲ အမျိုးသားနိုင်ငံရေးကို ငါတို့သာလုပ်ခွင့်ရှိတယ်၊ တခြား ဘယ်သူ၊ ဘယ်ပါတီမှ လုပ်ခွင့်မရှိဘူးလို့ လက်ဝါးကြီးအုပ်လို့လည်းမရပါဘူး၊ လူတိုင်း၊ ပါတီတိုင်းမှာ လုပ်ခွင့်ရှိပါတယ်။

မှန်တာပြောရရင် လူတဦးချင်းပဲဖြစ်ဖြစ်၊ ပါတီအဖွဲ့အစည်းတခုပဲဖြစ်ဖြစ် နိုင်ငံရေးလုပ်တယ်ဆိုရင် ကိုယ်စားပြုမှုရှိတာချည်း ဖြစ်ပါတယ်။ လူသားအားလုံး၊ တယောက်မကျန်ကို ကိုယ်စားပြုတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကို အနီးဆုံးဥပမာပြရရင် ဒီနေ့အခါမှာ ပြည်သူလူထု အများတကာ့အများစုကြီးကို ကိုယ်စားပြုတဲ့လူတယောက်ဟာ စစ်အုပ်စုကို ကိုယ်စားပြုလို့မရပါဘူး။ အလားတူပဲ စစ်အုပ်စုဝင်တွေဟာ ဘယ်နည်းနဲ့မှ ပြည်သူလူထုအများစုကြီးကို ကိုယ်စားမပြုနိုင်ပါဘူး။ ဒင်းတို့ဟာ တတိုင်းတပြည်လုံးက ပြည်သူတွေကိုမဆိုထားနဲ့ နာဂစ်မုန်တိုင်းဒဏ်ခံရသူတွေကိုတောင် ကိုယ်စားမပြုနိုင်ဘူးဆိုတာ လက်တွေ့မြင်ခဲ့ကြရပြီမဟုတ်ပါလား။

တကယ်က ဒီလိုနိုင်ငံရေးပါတီတွေကို အပုပ်ချပြီး စစ်တပ်ကို အမွှန်းတင်တဲ့လုပ်ထုံးဟာ ဗိုလ်နေ၀င်းတို့ ဆိုရှယ်လစ် စစ်အုပ်စုလက်ထက်က စခဲ့တာလို့ဆိုရင် မမှားပါဘူး။ သူတို့ဟာ သူတို့နဲ့အနီးဆုံး လုပ်ကိုင်နေတဲ့ ဖဆပလခေါင်းဆောင်တွေရဲ့ အားနည်းချက်၊ ချွတ်ယွင်းချက်တွေကိုတွေ့မြင်ပြီး အဲဒီလူတွေကို အထင်သေး၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာ ဖြစ်လာတာပါပဲ။ ဒီလိုကနေ သူတို့ခေါင်းထဲမှာ အာဏာသိမ်းဖို့ အတွေးအခေါ်၊ အကြံဉာဏ်တွေ ပေါ်လာတာဖြစ်ပါတယ်။ ဒီလိုအာဏာသိမ်းမှုကို တရားပြုပေးတဲ့ စဉ်းစားနည်းနဲ့ ရှင်းပြနည်းကို စစ်အုပ်စုအဆက်ဆက် လက်ဆင့်ကမ်းသယ်ခဲ့ကြတာ မြန်မာပြည်မှာ ရာစုနှစ်တ၀က်နီးပါးရှိခဲ့ပါပြီ။

ဒီနေ့ နအဖချုပ်ကိုင်ထားတဲ့ စစ်တပ်ဟာ ကိုလိုနီလက်ထက်ကတည်းက စတင်ခဲ့တဲ့ မြန်မာပြည်ရဲ့အမျိုးသားနိုင်ငံရေး အစဉ်အလာ၊ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်ရဲ့အစဉ်အလာကို အမျိုးသားနိုင်ငံရေး အစဉ်အလာကို ထိန်းသိမ်းထားသလားလို့ မေးကောင်းမေးလာနိုင်ပါတယ်။ အဖြေက ဒီတပ်ကို ချုပ်ကိုင်တဲ့လက်တွေ ပြောင်းသွားတာနဲ့အမျှ တပ်ရဲ့လက္ခဏာဟာလည်း ပြောင်းလဲသွားခဲ့ပါတယ်။ ဒီတပ်ကို ဗိုလ်နေ၀င်းနဲ့ ဆိုရှယ်လစ်စစ်ဗိုလ်တွေက ချုပ်ကိုင်ခဲ့တဲ့ အချိန်ကစလို့ ဒီတပ်ဟာ လူတစု၊ ပိုတိကျအောင်ပြောရရင် စစ်အုပ်စုတစုရဲ့ လက်ကိုင်တုတ်တပ်၊ ခါးပိုက်ဆောင်တပ်ဖြစ်သွားတယ်လို့ ပြောနိုင်ပါတယ်။ ဒီတပ်ကြီးဟာ ပြည်သူလူထုရဲ့ ချုပ်ကိုင်မှုအောက်မှာ လုံးဝမရှိတော့တဲ့ အပြင် စစ်အုပ်စုတွေက ဒီတပ်ကြီးကိုအသုံးပြုပြီး ပြည်သူလူထုကိုချုပ်ကိုင်ဖို့ လုပ်နေတာချည်း တွေ့ခဲ့ရတာ နှစ်ပေါင်း (၅၀) လောက် ရှိခဲ့ပါပြီ။ ဒါကြောင့်မို့ ဒီတပ်ကြီးဟာ စစ်အုပ်စုကိုကာကွယ်တဲ့ နိုင်ငံရေးကိုပဲ လုပ်နေတယ်လို့ အတိအကျ ပြောနိုင်ပါတယ်။

ဒါဖြင့် အမျိုးသားနိုင်ငံရေးဆိုတာ ဘာလဲ။ လူပြောသာများနေတယ်၊ အကောင်အထည်နဲ့ပြစရာ ရှိလို့လားလို့ မေးချင် မေးလာပါလိမ့်မယ်။ အမျိုးသားနိုင်ငံရေးဆိုတာ နိုင်ငံတနိုင်ငံရဲ့ သက်ဆိုင်ရာကာလတခုအတွင်း အဲဒီနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားအများစုကြီးနဲ့ တိုက်ရိုက်ပတ်သက်ပြီး အရေးတကြီးဖြေရှင်းဖို့ လက်ငင်းလိုအပ်နေတဲ့ ဘုံအရေးတော်ပုံ၊ ဒါမှမဟုတ် ဘုံကိစ္စရပ်ကြီးတွေကို ခေါ်ဆိုတာဖြစ်ပါတယ်။ ဒီလိုအရေးတော်ပုံကြီးတွေကို ဖြေရှင်းရာမှာ ပြည်သူလူထုအများစုကြီးဘက်က ပါဝင်လုပ်ကိုင်တာဟာ အမျိုးသားနိုင်ငံရေးလုပ်တာပါပဲ။ သာမန် ဆွမ်းကြီးလောင်း အသင်းအတွက် လုပ်တာလောက်ကို အမျိုးသားနိုင်ငံရေးလို့ မခေါ်ပါဘူး။ တတိုင်းတပြည်လုံးနဲ့ တိုက်ရိုက်ပတ်သက်တဲ့ ဖက်ဆစ်တော်လှန်ရေးလို ဘုံအရေးတော်ပုံကြီးတွေကိုမှ ခေါ်ဆိုနိုင်တာပါ။ နောက်တချက်က သက်ဆိုင်ရာ ကာလတခုအတွင်းလို့ အထက်မှာ ရေးခဲ့ပါတယ်။ ဆိုလိုတာ အမျိုးသားနိုင်ငံရေးဆိုတာ အချိန်ကာလအလိုက် ပြောင်းလဲ တတ်တယ်ဆိုတာပါပဲ။ မြန်မာပြည်ထဲမှာကိုပဲ ကိုလိုနီခေတ်က အမျိုးသားနိုင်ငံရေးဆိုတာနဲ့ ဒီနေ့အမျိုးသားနိုင်ငံရေးတို့ဟာ မတူတော့ပါဘူး။ ကိုလိုနီခေတ်တုန်းက အမျိုးသားနိုင်ငံရေးဟာ ကိုလိုနီဘ၀ကလွတ်မြောက်ရေး၊ တနိုင်ငံလုံးလွတ်လပ် ရေးပဲဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ကို စစ်အစိုးရတွေက အုပ်ချုပ်လာတဲ့နောက်မှာတော့ မြန်မာပြည်အမျိုးသားနိုင်ငံရေးရဲ့ အဓိကလက္ခဏာဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေးဖြစ်လာပါတယ်။

ဒီအမျိုးသားနိုင်ငံရေး ရေစီးကြောင်းကို ဆန့်ကျင်သလား၊ အတူချီတက်တိုက်ပွဲဝင်သလားဆိုတာဟာ ဒီနေ့ နိုင်ငံရေးသမားတွေ၊ ပါတီအဖွဲ့အစည်းတွေကို တိုင်းတဲ့စံဖြစ်ပါတယ်။ နအဖအပါအ၀င် စစ်အုပ်စုအဆက်ဆက်ဟာ ဒီရေစီးကြောင်းကြီးကို ဆန့်ကျင်ဖျက်ဆီးကြသူတွေဖြစ်တဲ့အတွက် အမျိုးသားနိုင်ငံရေးကို လုပ်နေသူတွေမဟုတ်ဘဲ ဖျက်ဆီးနေသူတွေ ဖြစ်တယ်လို့ အတိအကျ ပြောနိုင်ပါတယ်။

http://www.khitpyaingnews.org/articles/2010/April/5410.php မှကူးယူဖော်ပြသည်။

No comments:

Post a Comment