မျိုးချစ်စစ်သည်

ပညာမဲ့သော ထိုသူသည်- ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုပဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ရောက်ရ၏။

ခုကတော့ ...

User Online

လာလည်သူပေါင်း

Cabo Yachts

Friday, April 2, 2010

သားကောင်းတို့၏ မိခင်သို့ တိုင်ကြားခြင်း( သို့ ) တမ်းချင်း

အမေ သားကိုအမေမှတ်မိဦးမှာပေါ့နော်…… သားဟာ အမေ့ရဲ့ ၅၀ ယောက်မြောက်သားပါ အမေ…. သားတို့ကိုအမေက လောကကြီးထဲမှာ လူသားတွေ အထူးသဖြင့် သားတို့ ပြည်သူလူထုတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဆိုပြီးသင်ကြားပေးတယ်နော်…. သားအဲဒါတွေကော မေမေ သင်ပေးလိုက်တဲ့ ဒီမိုကရေစီရေး ဆိုတာတွေ……… စစ်ခေါင်းဆောင်တစ်ယောက်အနေနဲ့ တတ်သိနားလည်ထားရမှာတွေ စိတ်ပညာတွေ စစ်သမိုင်းတွေ အားလုံးကိုလေ အမေပေးသလောက်မရခဲ့ဘူးဆိုတာ သားဝန်ခံပါတယ်မေမေ…ပြီးတော့ အမေသင်ပေးလိုက်တဲ့ အရာရှိကောင်း တစ်ယောက်ရဲ့ အပြုအမူတွေနဲ့လည်းမညီညွတ်ခဲ့ဘူးဆိုတာလည်း သားဝန်ခံပါတယ်… ဒါပေမယ့်အမေ သားလေ အမေပြောဆိုဆုံးမခဲ့သလို ပြည်သူတွေကိုကူညီစောင့်လျှောက်ခဲ့ပါတယ် …… ပြည်သူတွေဘက်ကလဲသားအမြဲစဉ်းစားပေးခဲ့ပါတယ်….. သားလေ ဒီနေ့လိုအဖြစ်မျိုးဖြစ်လာ တာတွေဟာလည်း သားကိုယ်ကျိုးအတွက်မဟုတ်ဘူးဆိုတာ အမေသိပါတယ်နော်… သားသာကိုယ်ကျိုးကြည့်ရင် အမေ့ဆီက ထပ်ရမယ့် မဟာဘွဲ့ နဲ့ အဲဒီမဟာဘွဲ့ ပြီးရင်ရရှိလာမယ့် အကျိုးတွေကိုမှိန်းနေရုံပါနော်…. အမေ အမေကတော့သားတွေကို သေချာသင်ကြားလေ့ကျင့်ပေး ခဲ့တယ်နော်… သားတွေကလည်း အမေသင်ပေးလိုက်သလို ပြုမူနေထိုင်ကြပါတယ်အမေ… ဒါပေမယ့်အမေ အာဏာရူးလူတစ်စုကြောင့် အမေ့ရဲ့ အချို့သောသားတွေ မှားယွင်းတဲ့ လမ်းတွေကိုရောက်ကုန်ကြပြီအမေ… သားလည်းပုထုဇဉ်ပဲလေ ဒီတော့ သားလည်းတစ်နေ့ လမ်းမှားမရောက်ဖူးလို့ ဘယ်သူကအာမခံနိုင်မှာလဲ အမေရယ်.. ဒါတောင် သားမိုက်ခဲ့သေးတယ်…. ဒါပေမယ့် သားမိုက်ခဲ့တာက သားတစ် ယောက်ထဲပါ တိုင်းပြည်နဲ့ လူမျိုးကိုထိခိုက်နစ်နာစေမယ့် မိုက်မဲမှုမျိုးမဟုတ်ပါဘူးအမေ…. အမေ ခုတော့ ကြည့်လိုက်ပါဦး သားတို့တွေဟာ ဘုမသိဘမသိနဲ့ ပြောခံနေကြရပြီ …..
သားတို့ ဥမမယ် စာမမြောက်သေချိန်မှာပဲ အမေ့ရဲ့ ရင်ခွင်ထဲကိုရောက်ရှိလာကြပြီး အမေ့ဆီကနေ သားတို့တွေ ပညာတွေအများကြီးသင်ခဲ့ကြ ရတယ်…. အဲဒီပညာတွေ အသိတရားတွေနဲ့ ပြည်သူနဲ့ တိုင်းပြည်ကိုအလုပ်အကျွေးပြုဖို့ သစ္စာဆိုခဲ့ကြတယ်အမေ…. ခုလေ သားကသူတို့ရဲ့ အပြောမှာတော့ သစ္စာဖေါက်တစ်ယောက်တဲ့…. သားသစ္စာဖေါက်တယ် မဖေါက်ဘူး ဆိုတာကို အမေပဲ သိပါတယ်နော်…. သားကလေ အမေ့ရဲ့ သားတစ်ယောက်အနေနဲ့ ဘယ်လောက်ထိဂုဏ်ယူခဲ့တယ် ဆိုတာအမေအသိဆုံးပါနော်….. ဒါပေမယ့် လက်ရှိသူတို့ရဲ့ အမိန့်တွေအောက်မှာ အမေသင်ပေးသလိုမဟုတ်ပဲ ဆန့်ကျင်ဘက်တွေလုပ်နေရတယ်…. သားကအဲဒါကို ဂုဏ်ယူရမလား….. သားစဉ်းစားခဲ့တယ်…… ဘာပဲဖြစ်ဖြစ် အမေသင်ပေးလိုက်သလိုပဲ အမှန်တရားဘက်ကနေမယ် ပြည်သူဘက်က အမြဲရပ်တည်မယ်ဆိုပြီးခုလိုလုပ်လိုက်တာ သားမှားလားအမေ…. နောင်တော်တွေ ညီငယ်တွေက သားမှားတယ်တဲ့ ….. ဟုတ်လားအမေ… တကယ်လို့သားမှားတယ်ဆိုရင်တောင် မှန်သောအမှားပါလို့ပဲ သား ပြောလိုက်တယ်…… ဘာလို့လဲ ဆိုတော့အမေ့ရဲ့ သားငယ်တွေကတော့ ဘာမှမမှားကြဘဲ အချို့သောသားကြီးတွေက အမေ့စကားနဲ့ ဆန့်ကျင် ပြီး အမျိုး၊ ဘာသာ၊ သာသနာ ကိုကာကွယ်စောင့်ရှောက်ရမယ့်အစား ၂၀၀၇ ခုနှစ်မှာပေါ့ ဘုရားသားတော်တွေကို လက်နက်သုံးအနိုင်ကျင့်ဖို့ အမိန့်ပေးခဲ့ လို့ အမေ့သား တော်တော်များများ မှားခဲ့ကြတယ်….. သားတို့က ခုနေမကြုံသေးပေမယ့် ဒီလိုကြုံလာရင် အမေသင်ပေးလိုက်သလိုအထက်အကြီးအကဲများ၏ အမိန့်ကို မြေ၀ယ်မကျနားထောင်ပါ ဆိုတာကို သားတို့မလွန်ဆန်နိုင်ဘူးအမေ…… အမေကအစိုးရရဲ့ အမိန့်ကို နာခံရန်မလိုအပ်သောအခြေအနေများရှိပေသည် ဆိုပြီး သားတို့တပ်မတော်ကိုပြည်သူဘက်ကရှိနေအောင်သင်ပေး လိုက်ပေမယ့် လက်ရှိအုပ်ချုပ်သူတွေက အမေ့သားတွေ နဲ့ အမေ့သားမဟုတ်ပေမယ့် အမေ့တပ်မတော်ထဲကဖြစ်နေတော့ သားတို့က သူတို့ပေးတဲ့အမိန့်က အစိုးရအနေနဲ့ လားတပ်မတော်အနေနဲ့လားဆိုတာ ဘယ်လိုခွဲရမှာလဲ….. သူတို့ကကော သားတို့ကို ဒါဟာ အစိုးရအမိန့်ပါလို့ ပြောခဲ့ဘူးလို့လား ဒါဟာတပ်မိန့်ပါလို့လဲ မပြောခဲ့ကြပါဘူးအမေ…… တကယ်တော့ အမေသင်ပေးလိုက်တဲ့ထဲမှာလေ သားသဘောအကျဆုံးက “ စစ်ခေါင်းဆောင် တစ်ဦးရဲ့ နိုင်ငံတော်အပေါ်သစ္စာစောင့်သိခြင်းဆိုတာ သူ့တပ်မတော်၊ သူ့နိုင်ငံသား နဲ့ သူ့နိုင်ငံရဲ့ အချုပ်အချာပိုင်စိုးသူရဲ့အကျိုးစီးပွားကိုသူ့နှလုံးအိမ်မှာ ထားရှိခြင်းပဲဖြစ်ပါတယ်။ သီးခြားအုပ်စုတစ်စု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ယောက်အပေါ်မှာ သစ္စာခံခြင်းမဟုတ်ပါဘူး ” ဆိုတာကိုပါအမေ…အမေက အဲဒီလိုပြောလို့ အချုပ်အချာပိုင်စိုးသူကို တလွဲတွေးမှာစိုးလို့ထင် ပါရဲ့ “ နိုင်ငံတော်ပေါ်သစ္စာရှိပါ ဧကရာဇ်အပေါ်တွင်သစ္စာမခံပါနဲ့ ” ဆိုပြီးတော့ သားတို့ကို ထပ်မှာသေးတယ်နော်….. သားအဲဒီမှာတင်အမေဘာကိုဆိုလိုတယ်ဆိုတာ သားသဘော ပေါက်ပါတယ်…..အမေဆိုလိုတဲ့ အချုပ်အချာအာဏာပိုင်စိုးသူဆိုတာ သားတို့ပြည်ထောင်စု ကြီးထဲမှာ အတူတကွနေထိုင်လာကြတဲ့ တိုင်ရင်းသား ညီအကိုမောင်နှမ တွေကိုတနည်း ပြည်သူလူထုကို ကိုယ်စားပြုတာမဟုတ်လားဟင်……
သားအမေ့ကိုပြောပြမယ်သိလား …. အမေလည်းသတင်းတွေမှာ မမြင်ချင်အဆုံးဖြစ်နေမှာပေါ့ နော် … သားတို့တပ်မတော်သားတွေ လမ်းတွေဖောက်နေကြတယ် ရှေ့တန်းမှာလည်း ငတ်ငတ်ပြတ်ပြတ်နဲ့ တိုက်နေကြတယ်… ဒါကိုလေ တကယ်လုပ်နေကြရတဲ့ အမေ့သားတွေ ဘက်ကတော့ မစဉ်းစားဘူး သူတို့က ဘာပြောတယ်ထင်လဲ … ဘာမှမရှိပဲနဲ့ လုပ်နိုင်တာ ငါတို့တပ်မတော်ပဲ ရှိတယ်တဲ့လေ … သားလေ ကိုယ့်နောင်တော်တွေမို့သာပေါ့ အမေစဉ်းစား ကြည့် လိုအပ်ချက်ကို ပြည့်အောင်းဖြည့်စည်းပေးရမယ့်အစား တလွဲ ဂုဏ်ယူနေတယ် ဒီလိုပြောလို့သူတို့ကော အဲလိုလားဆိုတော့ သူတို့ကျတော့ တိုက်နဲ့ ကားနဲ့ အဲဒါတွေကိုကျတော့ ဘယ်လိုပြောတယ်ထင်လဲ သူ့အဆင့်နဲ့ သူ တဲ့လေ ….. အမေရယ် စဉ်း စားကြည့်ပါဦး …. သားသူတို့ပြောတာကိုလက်ခံပါတယ်.. သူ့အဆင့်နဲ့ သူတော့သူပေါ့ … ဒါပေမယ့် တော်ရုံပဲကောင်းပါတယ်နော် အမေ… ခုကတော်တော်ကိုလွန်လွန်းလို့ပြောတာပါ..
သားကတော့လေ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ စကားလေးကိုသူတို့ကို ပြောလိုက်ရင်ဘယ်လိုများဖြစ်သွားမလဲလို့ တွေးကြည့်တယ်… သူတို့ပြောတဲ့ စည်းလုံးညီညွတ်သောတပ်မတော် ၊ စည်လုံးညီညွတ်သော နိုင်ငံ ဆိုတာကလေ သူတို့ပြောသမျှ လိုက်ခေါင်းညိမ့် ဘာမှ မငြင်းနဲ့ ငြင်းရင်ဘ၀ပျက်မယ် … ဆိုတာနဲ့ သားတို့ရဲ့ တပ်မတော်ဖခင်ပြောတဲ့ “အလုပ်မှာလည်းတူရမယ် ။ အကျိုးမှာလည်းတူရမယ် ။ ရည်ရွယ်ချက်မှာလည်းတူရမယ် ။ အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ ခေါ်ထိုက်တယ်။ ” ဆိုတာနဲ့ ယှဉ်ကြည့်တယ် …. အမေရယ် အမေကတော့ သားတို့တွေကို ဒီမိုကရေစီ အကြောင်းတွေ နဲ့ နိုင်ငံရေးမှာလည်း ၀င်ဆံ့အောင်ဆိုပြီး နိုင်ငံရေးသိပ္ပံဆိုတာကို Additional Subject တစ်ခုအနေနဲ့ သင်ပေးလိုက်သလို … စဉ်းစားတွေးခေါ်နိုင်စွမ်းရှိအောင်လည်း အတွေးအခေါ် ပိုင်းပညာတွေပါသင်ပေးတယ်နော် … ဒါ့အပြင် အသက်နဲ့ ရင်းပြီး တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ကြရမယ့်သားတို့ ကိုစစ်ပွဲသမိုင်းကြောင်းတွေကိုပါသင်ပေးလိုက်တယ် နော်… သားလေ မေမေ့ ကျေးဇူးတွေကြောင့် ခုဆို အမှားအမှန်ကိုသိနေပြီ .. သိတဲ့ အချိန်မှာ သားက သားတို့နဲ့ မအပ်စပ်တဲ့ လမ်းကနေ ( သားစိတ်ဝင်စားလို့ပါ ) ပြုပြင်ဖို့ထွက်လာတာပါ အမေ.. ဒါကိုသားနောင်တော်တွေက မှားတယ်တဲ့ … တကယ်တော့ အမေရယ် နောင်တော်တို့လည်း ပြည်သူအတွက် သားလည်းပြည်သူအတွက်ပဲ ဒါကိုလမ်းမတူ တာနဲ့ မှားတယ်ဆိုတာကတော့ လွန်တာပေါ့နော်….
အမေသိလား သားထင်တာပေါ့နော် .. နာဂစ်ဘာလို့တိုက်တယ်ထင်လဲ သားကတော့ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး သာ့သနာ့နွယ်ဝင် ဘုရားသားတော်တွေကို လက်နက်သုံးဖြေရှင်းလို့လို့တော့ ထင်တာပဲ ဇာတ်တော်တွေမှလည်းကြည့်လေ အယူမှားတာနဲ့ အဲဒီတိုင်းပြည်ပျက်တာပဲ….. သားတို့နိုင်ငံဟာ ဘယ်နှစ်ခါများ မုန်တိုင်းကျဘူး လို့လဲ ခုတော့ အမေရယ် မသမာသူတွေလက်ထဲမှာတိုင်းပြည်ရောက်နေတော့ ပျက်စီးခြင်း ငါးပါးတင်မကတော့ဘူးအမေ ဆယ်ပါးကျော်နေပြီ…… သားတို့ကို ဗိုလ်ချုပ်အောင်ဆန်းက မှာခဲ့တယ် “ ငါတို့ဟာလက်နက်ကိုင်တွေဖြစ်ကြသော်လည်းမတရားမလုပ် နိုင်ငံရဲ့ ရန်သူတွေမဟုတ် နိုင်ငံရဲ့ မိတ်ဆွေတွေသာဖြစ်တယ်ဆိုတာ သဘောပေါက်ရမယ် ” တဲ့လေ သားတို့က လက်ရှိ သူတို့ပြောသလိုလုပ်နေကြရတော့ အဲဒီစကားနဲ့ တချို့ကိစ္စတွေမှာ မကိုက်ညီဘူးအမေ…. ဒါကိုလည်းနောင်တော်တွေက ရှေ့တန်းရှေ့တန်းဆိုတာကိုပဲ တတွတ်တွတ်ပြောနေတယ်… အဲဒီမှာတော့ သားတို့တွေက သက်စွန့်စံဖျားကြိုးစားလိုက်ကြ ရတာ သူတို့ ကမြို့ပေါ်မှာ သူတို့အာဏာတည်မြဲရေးပဲလိုက်လုပ်နေတော့ ခုလိုမျိုးပြောစရာတွေဖြစ်ကုန်ပြီ… ဒါတွေကိုနောင်တော်တွေသိမြင်စေချင်တယ်မေမေ…ပြီး တော့ သားတို့ကိုသူတို့ဘက်ပါအောင် ယုတ်ညံ့တဲ့နည်းနဲ့ စည်းရုံးထားတာများ အမေစဉ်းစား ကြည့် “ ယောက်ျား၊ ယောက်ျားထဲမှာ မှ စစ်သား ” တဲ့လေ ဗိုလ်ချုပ်ပြောခဲ့တာကတော့ “ စစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက်အမျိုးမျိုးအနစ်နာခံ အမျိုးမျိုးစွန့်စားလုပ်ကြတဲ့ လူတွေလည်းရှိတာပဲ …. ဒါကြောင့် စစ်သားမှ စစ်သားဆိုတဲ့ စိတ်ဓါတ်ကိုပြောင်းကြရမယ် ” တဲ့လေ … စိတ်ဓါတ်ချင်းကိုက ကွာတယ်နော် .. အေးပေါ့နော် သူတို့မှာ အစွမ်းအစမှမရှိတာပဲ .. ဒီနှစ် ၂၀ ကျော်ဆိုတာ လမ်းဖောက်တံတားဆောက် ကျောင်းတွေဖွင့် ဆေးရုံသစ်တွေဖွင့်ပြီး အဲဒီရဲ့ အကျိုးကျတော့ ဘာတွေများခံစားကြရလဲ …. သားတို့တပ်မတော်ကြောင့် နယ်မြေဒေသတွေတော်တော်များများအေးချမ်းသွားကြတယ်ဆိုပေမယ့် အဲဒီပေါ်မှာ ပေးဆပ်လိုက်ရတဲ့ အသက်တွေ ဘယ်လောက်များလဲ သူတို့သာဦးဏှောက်ရှိရင် ဒီလို စစ်ရေးနည်းနဲ့ ဖြေရှင်းမှာမဟုတ်ဘူး.. နိုင်ငံရေးပြသနာကို ခုလိုစစ်ရေးနဲ့ ဖြေရှင်းတော့ ဘယ် သူတွေထိခိုက်လဲ ဘ၀ပျက်သွားတဲ့ မိသားစုတွေအများကြီး … ဒါကိုအချို့သော နောင်တော်တွေက ဂုဏ်ယူနေကြတယ်…. သားကတော့လေ ဒါတွေဟာ သားတို့တိုင်းရင်းသား လူမျိုးအချင်းချင်းတွေပဲ … ဘာလို့လက်နက်သုံးဖြေရှင်းရမှာလဲ … ဒါပေမယ့် ဒါက အစိုးရအလုပ် သားတို့က အစိုးရရဲ့ အမိန့်အရ ကောင်းမယ်ထင်ရင် လုပ်ကြရ မှာပဲ .. ဒါကိုလည်း ပြည်သူတွေကိုသားသိစေချင်တယ်ဗျာ… နောင်တော်တွေကိုလည်း စစ်ရေး စစ်ရာဆိုတာ နိုင်ငံရေးမကျေလည်မှုကစတာ ဒါကြောင့် အမျိုးသားချင်းသတ်ဖြတ်မှုတွေကို အတတ်နိုင်ဆုံးရှောင်ရှားသင့်တယ် .. တစ်ဖက်က ဇွတ်ကိုစစ်ရေးသုံးတယ်ဆိုရင်တော့လည်း တစ်မျိုးပေါ့ဗျာ… ဒီအပေါ်မှာတကယ့်တကယ် အမြတ်ရသွားတာက ကြည့်လေ ဘယ်သူတွေလဲလို့ … ဗိုလ်ချုပ်တစ်ယောက်က ပြောဖူးတယ် မတည်ငြိမ်လေ တိုက်ပွဲတွေများ လေငါတို့က ကြိုက်လေပဲတဲ့ ဒါက ဘာစကားလဲ ဘာကြောင့်ဒီလိုပြောတာလဲ ဆိုတာကို စဉ်းစားကြည့်စမ်းပါဦး…
ပြီးတော့လေ အမေ့ရဲ့ စီနီယာ ဂျူနီယာစနစ်ကိုဖျက်ဆီးတာကလေ သူတိုကတွေပဲ ….. ခုဆို ဂျူနီယာဟောထဲကို စီနီယာက မ၀င်ရတော့ဘူး…. အပြစ်ပေးလို့လည်းမရတော့ဘူး .. ဒီလိုသာဆက်သွားနေရင် သားတို့ရဲ့ ဒီစနစ်ကြီးကိုဘာမှနားမလည်တော့တဲ့ ညီငယ်တွေဟာ တာဝန်ထမ်းဆောင်ရာအသီးသီးကိုရောက်တော့လည်း ကိုယ့်ဖာသာ ဖာသိဖာသာနဲ့ အခက်အခဲ ရှိလို့တောင်းရမှန်းလည်းမသိဘူး… အကြံဥာဏ်တောင်းရကောင်းမှန်းလည်းမသိ တော့ဘူး… ဘယ်လိုလုပ်ကြမလဲမေမေ …. မေမေရဲ့ သားရင်းတွေတောင်ဒီလိုတွေဖြစ်နေကြ ပြီဆိုရင် သားတို့တွေ တကယ့်တကယ်မှာဘယ်လိုတွေရင်ဆိုင်နေကြရတယ်ဆိုတာကိုမေမေ သိမှာပေါ့်နော်… ရည်ရွယ်ချက်တွေတသီကြီးနဲ့ တပ်မတော်ထဲ အမေ့ရင်ခွင်ထဲကိုခိုဝင်လာခဲ့ပြီး မှရည်ရွယ်ချက်တွေပျောက် လမ်းမှားကိုရောက်ကုန်ကြပြီ….. အဲဒါတွေကတော့ အမေကတော့ နုနယ်သေးတဲ့ သားတွေကိုရင့်ကျက်အောင်သင်ပေးပြီး လောကအလယ်မှာ ၀င့်ကြွားစွာနဲ့ အများအကျိုးကိုသယ်ပိုးဖို့ ဆိုပြီးအမေစလွှတ်လိုက်တဲ့ နေ့တင် ဘ၀သေသွားကြတဲ့ အမေ့သားတွေကိုအမေ တွေ့မှာပါနော်… ဒါတွေကဖြစ်သင့်လားအမေ…. အမေပြောပါ…. ဒါဟာကြိုးစားစေချင်လို့စေတနာနဲ့ ပြောတယ်ဆိုဦး ဒီစေတနာစကား ဘယ်လေက်တာသွား တယ်ဆိုတာကိုတော့စဉ်းစားဖို့ကောင်းတယ်…. အဲဒီစကားကြောင့် ဘ၀ပျက်သွားကြတဲ့ သူတွေ ဒုနဲ့ဒေးပါအမေ…. ပြီးတော့ ၂၀၀၆ မှာလား ၂၀၀၇ မှာလားတော့သေချာမသိတော့ဘူး ဘာသာစကားအမှတ်စဉ် (၇) တုန်းကပေါ့ စာမေးပွဲကျရင်တပ်ကထွက်ရမယ်ဆိုတဲ့ သူတို့ရဲ့ ပြီးစလွယ်စကားတစ်ခွန်းကြောင့် စားမေးပွဲကျခံခဲ့ကြတာတွေအများကြီးပဲ အမေ …. ဒါပေမယ့် သူတို့က သူတို့စကားကိုသူတို့ တာဝန်မယူဘူးအမေ… အဲဒီမှာတင် စာမေးပွဲ ကျလို့ဆိုပြီး အမေ့သားတော်တော်များများ လုပ်သက်လျှော့ ၂ နှစ်ပြစ်ဒဏ်ထိခဲ့ ကြတယ်အမေ…ဒါတွေက သူတို့က စလို့ဖြစ်ခဲ့ကြတာပါ… တကယ်ဆိုသူတို့စကားကိုသူတို့တာဝန်ယူရမယ်လေနော်… ပြီးတော့ ပညာတော်သင်မှာ ဆေးကျလို့မသွားရတဲ့ သူတွေအတွက်ဆိုလည်းဘာမှသေချာတဲ့ ပြင်ဆင်မှုမျိုးမရှိဘူးအမေ….ပြည်တွင်းမဟာဆက်တက်ရမလိုလို ဘာလိုလိုနဲ့ ဇာတ်လမ်းပြီး သွားကြတဲ့ သူတွေလည်း ဒုနဲ့ ဒေးအမေ……အမေလည်းသိနေမှာပါ ခုဆိုသားတို့ကိုရာထူးနဲ့ ပတ်သက်ပြီး ဘယ်လိုအဆင့်တိုးလုပ်ပေးမလဲ ဆိုတာပေါ့…. ဘယ်လောက်ပဲတိုင်းပြည်ချစ် ပါတယ် ဒါတွေကိုမမက်ပါဘူးဆိုရင်တောင်ကိုယ့်မှာ အပြစ်အနာအဆာမရှိရင် တော့ သူများလို ပဲထိုက်သင့်တဲ့ အဆင့်တော့ လိုချင်ကြတာချည်းပါပဲအမေ … သားလည်းလိုချင်တာပဲ…. စစ်သားဖြစ်လာရင်တော့ ရာထူးဆိုတာလိုချင်ကြတာပဲ .. ရာထူးဆိုတာ ရူးတာဆိုပေမယ့် မလိုချင်တဲ့သူမှရူးတာ … ကိုယ်ရတဲ့ ရာထူးက ထိုက်ဖို့ပဲလိုပါတယ်နော်အမေ…. ဒီလိုပြောတော့ သားလေ အမေ့ဆီမှာတုန်းက တာဝန်ကျ ခန့်တာလေးတွေကိုပြန်သတိရမိ တယ် … အဲဒါကမှနော် တကယ်ကို မိမိနဲ့ ထိုက်တန်တဲ့ အဆင့်ကိုတာဝန်ယူရတာ .. သားက တပ်စုမှူးတာဝန်ပဲ ယူခဲ့ ရတယ်… ဒါပေမယ့်သားကျေနပ်တယ် သားရဲ့ ကြိုးစားမှုက ဒါနဲ့ပဲထိုက်တန်တာကိုး .. တပ်မတော်မှာလည်းအဲလိုပဲနော်အမေ … ဒါပေမယ့် ခုတော့ဘယ်လိုတွေမှန်းမသိတော့ဘူး…. သားရဲ့ ဆရာတွေဆို ပါရဂူဆက်တက်နေလို့ဆိုပြီး သူတို့နဲ့ တစ်ပတ်စဉ်ထဲတွေ ဗိုလ်မှူးဆင်းတဲ့ အခါပါမသွားကြဘူး…. ဒါကလည်းသူတို့ပဲ တက်ခိုင်းတာလေ … အဆင့်မှီတဲ့ သူတွေ ပါရဂူဆက်တက်လိုက တက်နိုင်တယ် ဆိုတော့ တက်ကြတယ်…. အဲဒါကိုဒီလိုလုပ်တာကတော့ မတရားဘူးပေါ့အမေရယ်…. ပြီးတော့ ပြည်သူကိုစည်းရုံးတယ်ဆိုပြီး ဘာကိစ္စဖြစ်ဖြစ် တိုင်ခံရတာနဲ့ မှားတယ်မှန်တယ် မဆုံးဖြတ်ဘူး သားတို့ကပဲမှားတယ်တဲ့အမေ… ဗိုလ်ချုပ်အောင်ဆန်းခေတ်တုန်းကလည်းဒါတွေရှိခဲ့ပါတယ်.. ဒါပေမယ့် ပြသနာတစ်ခုဖြစ်လာရင် ဥပဒေအတိုင်း စစ်သားမှားရင် စစ်သား ၊ ပြည်သူမှားရင်ပြည်သူပေါ့ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိရဘူးဆိုပြီး သူတို့ရဲ့ စည်းရုံးရေး ကာလရောက်တာနဲ့ တိုင် ၊ တိုင်ခံရတာနဲ့ ပြုတ်ဆိုတော့ ဒါက မှားယွင်းတဲ့ စည်းရုံးမှုလို့သား ထင်တယ်အမေ….
ကြည်း ရေ လေထု အားမာန်ပြု၍
ပြည်သူ့အိုးအိမ် ပြည့်စည်းစိမ်တွက်
တို့လက်မြဲမြဲ ခိုင်ခိုင်တွဲစို့
(စစ်တက္ကသိုလ် ဘယ်တော့မှ လက်နက်မချ)
ဆိုတာက သားတို့ဟာ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်နဲ့ ပတ်သက်လာရင်အမြဲတမ်း စွန့်လွှတ်ထားတယ်၊ ဘယ်တော့မှ လက်နက်မချဘူး လို့အဓိပ္ပါယ်သက်ရောက်တယ်နော်… အမေဆုံးမခဲ့တာလေးက လေတကယ်ကိုအဓိပ္ပါယ်ရှိပြီး အနှစ်သာရရှိပါတယ်အမေ.. ဒါပေမယ့် အမေ့သားတွေကိုအုပ်ချုပ်နေတဲ့ မကောင်းဆိုးဝါး မိစ္ဆာကောင်ကြောင့် အမေကော အမေ့သားတွေပါ အပြောခံနေကြရတယ် … ဒါကိုအမှားအမှန် မစဉ်းစားပဲ ထိရဲထိကြည့် ဆိုတဲ့ အမေ့သားတစောက်ကန်းတွေကလည်းရှိသေးတယ်….. အမေရယ် အမေ့ သားတွေဟာ အမေမွေးထုတ်လိုက်သလို ရည်ရွယ်ချက်တွေရှိကြပါတယ်နော်… အဲလို တလွဲဖြစ်နေတဲ့ အမေ့ သားတွေနဲ့ လိုအပ်ချက်အရ လမ်းပြောင်းသွားရတဲ့ သားလိုသားတွေကိုလည်းအမေ ခွင့်လွှတ်ပေးပါနော်…ဘာပဲပြောပြော သားတို့အားလုံးဟာ အမေမှာကြားလိုက်သလို တိုင်းပြည်နဲ့ လူမျိုး ၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်အတွက်ပါနော်အမေ….သားတို့ကလေ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့ တဲ့တပ်မတော်နဲ့ အမေ့ရဲ့ မွန်မြတ်တဲ့ သဘောထားတွေ ကိုသဘောကျလေးစားလို့ပါ ဒါပေမယ့်ခုတော့အမေရယ် အောက်ကကဗျာလေးထဲကလိုပဲ ဖြစ်နေပြီ …
အောင်ဆန်း တေဇ
ဒို့ အားကျလို့
ငယ်ကရည်စူး၊ စစ်ဗိုလ်မှူးပေါ့ .....
စစ်ဗိုလ်ဆိုရင်
ပျိုတို့ ချစ်ပြိုင်၊ နှင်းဆီခိုင်တဲ့ ။

ခုခေတ်မှာတော့
သံဃာကိုသတ်၊ ငရဲတပ်တွေ .....
မိဘကိုသတ်၊ ဒေ၀ဒတ်တွေ .....
သူငါခွာရှောင်၊ မုဒိန်းကောင်တွေ .....
ကျောင်းသားကျောင်းသူ၊ သတ်ဖြတ်သူတွေ .....
အိမ်ရာဖျက်ဆီး၊ သဘက်ကြီးတွေ .....
လယ်ယာလုယက်၊ သူခိုးသူဝှက်တွေ .....

ခုခေတ်မှာတော့
သူငါ ကျောခိုင်း၊ ပဒိုင်းပွင့်တွေဖြစ်ကုန်ပြီ။

စစ်ထဲဝင်ချင်၊ လက်ညှိုးထောင်
ထောင်တဲ့လက်ညှိုး၊ “မီးပုံ” ထိုးလို့
ဆိုရိုးတွင်ရစ်စေသတည်း။
ဒါကိုရေးတာက တခြားတစ်ယောက်ပါ …. တကယ်ကိုအဲဒီအတိုင်းဖြစ်နေပြီ အမေ…သားတို့ကိုအမေလေ့ကျင့်သင်ကြားပေးလိုက်တာက လက်ရုံးရည် ကော နှလုံးရည် ကောပြည့်ဝတဲ့ အရာရှိကောင်းများမွေးထုတ်ပေးရန်ဆိုတဲ့ အတိုင်းသားတို့ဟာ လက်ရုံးရည် ကော နှလုံးရည်ကောပြည့်ဝကြပါတယ် ဒါပေမယ့် အဲဒါတွေက ပြည်သူကိုကာကွယ်ဖို့မဟုတ်ပဲ ပြည်သူကိုသတ်ဖို့ဖြစ်နေရပြီ …. ဒါတွေကလည်းသားပြောသလိုပဲ တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ အာဏာရူးလူတစ်စုကြောင့် ဆိုတာကို ပြည်သူတွေနားလည်စေချင်တယ်…သားတို့မှာလည်း သားတို့အခက်အခဲ နဲ့သားတို့ဆိုတာအမေသိပါတယ်နော်…. အမေ့စကားကိုနားမထောင် တာမဟုတ်ဘူးနော်အမေ…. သားကတော့လေ ဗိုလ်ချုပ်အောင်ဆန်းပြောသွားတဲ့ “တပ်မတော် သည်တိုင်းပြည်အတွက် ၊ တိုင်းပြည်သည် တပ်မတော်အတွက်မဟုတ် ” “ စည်းကမ်းမရှိတဲ့ စစ်တပ်ရှိနေမယ့် အစား အဲဒီစစ်တပ်မရှိသည်က တိုင်းပြည်အတွက်ပိုကောင်းတယ် ” ဆိုတဲ့ စကားကိုကြိုက်တယ်အမေ… ဒါပေမယ့် နိုင်ငံတစ်နိုင်ငံကိုကာကွယ်ဖို့ စစ်တပ်ဆိုတာရှိကို ရှိနေရမယ်.. ဒါပေမယ့် အဲဒီစစ်တပ်ကိုစည်းကမ်းကောင်းဖို့ဆိုတာ အုပ်ချုပ်တဲ့ သူအပေါ်မှာအဓိကမူတည်တာမို့ စစ်တပ်ကိုဖျက်ပစ်မယ့်အစား အုပ်ချုပ်သူကို ပြောင်းပစ်ရမယ်လို့ထင်တယ်… အမေကော ဘယ်လိုထင်လဲဟင်… အခုဖြစ်နေတာကလည်း အုပ်ချုပ်သူကြောင့်ပဲမဟုတ်လား….
သားတော့လေ သားတို့တပ်မတော်ကြီးခုလို ပြည်သူရဲ့ ယုံကြည်ကိုးစားမှုကိုဆုံးရှုံးရတာ၊ တပ်မတော်တွင်းစည်းလုံးမှုပြိုကွဲနေတာဟာ ဘုရားဟောခဲ့တဲ့ “ အဖွဲ့ ပျက်ပြယ်ခြင်း ( ၃ ) ပါး” ကြောင့်လို့ထင်တယ်.. အဲဒါတွေက
( ၁ ) ဗဟုနေတ္တာရ - နည်းညွှန်လမ်းပြအကြီးအမှူးလုပ်လိုသူပေါများခြင်း။
( ၂ ) သဗ္ဗပဏ္ဍိတမာနီ - မိမိကိုယ်ကို ပညာရှိဟုဘ၀င်မြင့်သူများခြင်း။
( ၃ ) ဗဟုမဟိစ္ဆာ - ရာထူးမက်မောသူများခြင်း။
တဲ့လေ….ပြီးတော့ တရုတ်စစ်ပညာရှင် ဆွန်ဇုက “ တပ်မတော်တစ်ခုသည် တပ်သားများထွက်ပြေးခြင်း ၊ အမိန့်မနာခံခြင်း၊ ပြိုကွဲခြင်း၊ ထိခိုက်ပျက်စီးခြင်း ၊ စုစည်းမှုမရှိခြင်း ၊ ကစဥ့်ကလျားထွက်ပြေးခြင်းအားဖြင့် အတိဒုက္ခ ရောက်ပေလိမ့်မည်။ အဆိုပါ ကံမကောင်းအကြောင်းမလှမှု ခြောက်ရပ်သည်သဘာဝအ ကြောင်းတရားများကြောင့်ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ ယင်းတို့သည် စစ်သေနာပတိ၏ အမှား များကြောင့်သာဖြစ်သည်။ ” တဲ့ ဟုတ်တယ်နော်အမေ …. အမေသင်ပေးလိုက်တဲ့ ဆွန်ဇုရဲ့ သဘောတရားတွေက တကယ်ကိုဟုတ်နေတယ်… ခုသားတို့တပ်မတော်ရဲ့ အင်းအားပြုန်း တီးမှုက မယုံနိုင်လောက်အောင်ပဲအမေ… ခုတော့ သားလည်းအဲဒီ ပြုန်းတီးစားရင်းမှာပါခဲ့ပြီ … ဒါပေမယ့် သားကစာရင်းကနေသာပြုန်းတီးတာပါအမေ …. အမေသင်ပေးလိုက်တဲ့ ပညာတွေ နဲ့ပြည်သူ့အကျိုးကိုတော့ သားအသက်ရှိသရွေ့ ဆောင်ရွက်သွားမှာပါအမေ… တစ်ခုပါပဲ.. တကယ် ကိုတစ်ခုပါပဲအမေ.. သားရဲ့ တပ်မတော်သားညီနောင်တွေ သားနဲ့ အတူလက်တွဲပြီး တပ်မတော်ကိုပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုပြန်ရအောင်ဆောင်ရွက်တဲ့ နေရာမှာ ၊ တိုင်းပြည်ကိုစစ်မှန်တဲ့ တိုးတက်မှုလမ်းကြောင်းကိုပြောင်းလဲတဲ့နေရာမှာ အဖွဲ့အစည်းအစွဲ တွေဖျောက်ပြီး အများအကျိုးကို ရှေးရှုစေချင်တာပါ… အားလုံးကို ကျောင်းမှာတုန်းကလိုပဲ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း နဲ့ လုပ်စေချင်တာပါအမေ… အမေကြုံရင် အမေ့သားတွေ၊ သားရဲ့ နောင်တော်တွေ ညီတော်တွေကိုပြောပေးပါနော်…… သားကတော့နောက် ဆုံးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ အောက်ပါစကားလေးနဲ့ သားရဲ့ စာကိုအဆုံးသတ် ပါရစေနော်…
“ ခေါင်းဆောင်ဆိုတာ ဟိုလူပြောဟုတ်နိုး၊ ဒီလူပြောဟုတ်နိုးယောင်ချာချာလုပ်နေရင် ခေါင်းဆောင်မဟုတ်ဘူး…. အများယောင်လို့ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိဘူး ဆိုရင် ခေါင်းဆောင်မဟုတ်ဘူး… ကိုယ့်ကိုယ်ကို မယုံကြည်သူဟာ ဘယ်အခါမှအခြားလူကို မယုံဘူး။ ကိုယ့်တိုင်းသူပြည်သားကိုလဲမယုံဘူး ၊ ကျွန်တော့်အဖို့ကျွန်တော့်ကိုယ်ကို ယုံတယ်….ခင်ဗျားတို့ကိုလည်းယုံကြည်တယ်၊ ဗမာ့လွတ်လပ်ရေးကိုလဲ ယုံတယ်။ ဘာကိစ္စ မဆို မှားတယ်၊ မှန်တယ်ဆိုတာ ရာဇ၀င်ကဆုံးဖြတ်လိမ့်မယ် ” တဲ့ ။ သားကတော့ ရာဇ၀င်မှာ အမေနဲ့ အမေ့သားတွေဟာ မှားခဲ့တယ်ဆိုတာမျိုးအဖြစ်မခံချင်ရုံသက်သက်ပါအမေ…. ဒါကို အမေ့သားများအားလုံးနှင့်တကွ အမေ့တပ်မတော်သားများအားလုံး နားလည်ခံစားနိုင်ကြပါစေ လို့ဆုတောင်းရင်း… အမေ့ကို ထာဝရယုံကြည်လေးစားလျက်……



အမေ့ရဲ့ ( ၅၀ )ယောက်မြောက်သား ………….
ဗိုလ်ရဲထက်……………………………….
( ၃၁-၃-၂၀၁၀ )
( ၁၄၀၉ နာရီ )

No comments:

Post a Comment