စာဆိုစစ်သားများ
စစ်သားဟူသည် လူကြမ်းလူရမ်း ဟုယူဆကြ၏။ သို့ယူဆသည်မှာ ယူဆထိုက် သောအကြောင်းရှိသောကြောင့်ဖြစ်ပေမည်။ စစ်သားသည် မနုနိုင် မပျော့နိုင် နုက ပျော့က စစ်သားမဖြစ်ပြီ။ သာမန်ယောကျာ်းများပင် စစ်သားဖြစ်ရန် ခဲယဉ်း၏။ နူးညံ့ပျော့စိက စစ်သားဘ၀နှင့်ဝေးတော့သည်။ အနု အပျော့ဆိုရာတွင် ကိုယ်ခန္ဓာ ကြံ့ခိုင်ရမည်။ တောင့်တင်းရမည်။ မိန်းမလို မိန်းမရ၊ အသားပျော့စိ ပျော့ဖပ်၊ လေလာက လဲမည့်သူကို စစ်သည်လက်မခံ လက်ခံပြန် ကလည်း ကိုနွဲ့ နှောင်းကား ကြာရှည်ခံမည် မဟုတ်ချေ။ ယောကျာ်းပီသသောလူမှ စစ်သားဘ၀တွင် ခိုင်မြဲစွာတည်နေပေမည်။ စစ်သားဘ၀သည် မအေးချမ်း မသာယာချေ။ ဇွဲနဘဲရှိသူမှ တာရှည်အမှုထမ်းနိုင်သည်။ စစ်သားဘ၀၏ တာဝန်ကြီးလေးပုံ ဆင်းရဲပင်ပန်းပုံကို သျှင်မဟာရဋ္ဌသာရသည် “အကွေ့ အလည်၊ ကင်းရှည် ကင်းတို၊ သူလျှို သူကယ်၊ မျိုးဝယ် ရောပြွမ်း၊ စုံစမ်း နက်တံ၊ မြို့ ခံ မြို့ ထို၊ တညှိုး သမ်းသမ်း၊ ပူချမ်း ဆင်းရဲ၊ ကိုက်ခဲ ဖြုတ်ခြင်း၊ အိပ်ချင်အိပ်ရ၊ လွမ်းတအိမ်ရာ၊ ညောင်းညာ ထိုင်နေ၊ စစ်မြေ မှုထမ်း” ဟုဖော်ပြခဲ့၏။ အင်းဝခေတ်က စစ်သားဘ၀သည် ဤမျှငြိုငြင်ခဲ့လျှင် ယခု ပြည်ထောင်စုခေတ်က စစ်သားဘ၀ကား မည်မျှပင်ပန်းပေမည်နည်း။
စစ်သားလေးမျိုး
ကိုယ်ခန္ဓာတောင့်တင်းပြီး စွမ်းပကားနှင့်ပြည့်စုံရမည်မှာ စစ်သားဘ၀၏ လိုလားအပ် သော အင်္ဂါတရပ်ဖြစ်ချေသည်။ ကိုယ်ခန္ဓာခိုင်မာ ကျန်းတန်းသော်လည်း စိတ်နှလုံးကား မကြမ်းတမ်းဘဲ နူးညံ့နိုင်ပေသည်။ အရာခပ်သိမ်းတွင် ကိုယ်ကျန်း စိတ်ကြမ်းရမည်ဟု မဆိုသာ ချေ။ ကိုယ်ခန္ဓာကျန်းတန်းသော်လည်း စိတ်မကြမ်းတမ်းဘဲ ဖြစ်နိုင်သည်။ ကိုယ်ခန္ဓာနုနယ် သော်လည်း စိတ်ကြမ်းတမ်းသည်လည်းရှိလေသည်။ လူပုံကား မင်းသားစိတ်ထားကာ ဘီလူး ဖြစ်နိုင်ပေသည်။ မိုးနှင့်သရက် အိုးနှင့်ကြွက်သို့ စစ်သားလေးမျိုးလေးစားရှိနိုင်သည်။ ထိုစစ်သားလေးမျိုးကား
ကိုယ်ကျန်း စိတ်ကြမ်း စစ်သား
ကိုယ်ကျန်း စိတ်မကြမ်း စစ်သား
ကိုယ်မကျန်း စိတ်ကြမ်း စစ်သား
ကိုယ်မကျန်း စိတ်မကြမ်း စစ်သား
တို့ဖြစ်လေသည်။ ထိုစစ်သားလေးမျိုးအနက် ကိုယ်ကျန်း စိတ်ကြမ်း စစ်သားမျိုးကို လူတို့သည် ရွှံရှာကြောက်လန့်ကြသည်။ ကိုယ်ကျန်း စိတ်မကြမ်း စစ်သားမျိုးကို ချစ်ခင်လေးစားကြသည်။ ကိုယ်မကျန်း စိတ်ကြမ်း စစ်သားမျိုးကို ရှောင်လွှဲမုန်းတီးကြသည်။
ကိုယ်မကျန်း စိတ်မကြမ်း စစ်သားမျိုးကို အရိုအသေတန်ကြသည်။ ထိုသို့ဖြစ်ရာ ကိုယ်ကျန်း စိတ်မကြမ်း စစ်သားမျိုးသည် ကျန်စစ်သား သုံးမျိုးထက် မျက်နှာပွင့်လန်းလေတော့သည်။
ပုထုဇဉ် စစ်သား
ကိုယ်ကျန်း စိတ်မကြမ်း စစ်သားမျိုးကား ရှာမှရှားသည်ဟု ပြောကြပေမည်။ သို့သော် ထိုစစ်သားမျိုးကား လူအများထင်သလောက် မနည်းပါးလှချေ။ စစ်သားဖြစ်လျှက် စိတ်မကြမ်း သဖြင့် ထင်ပေါ်လေသည်။ စစ်သားဆိုလျှင် ဘီလူး သားဘက်ပမာ ထင်နေသည့်အကြားမှ စိတ်၏နူးညံ့သိမ်မွေ့ မှုသည် စစ်သားဘ၀၏မြင့်မြတ်မှုကို ထင်ရှားစေသည်။ စိတ်၏နူးညံ့ သိမ်မွေ့ မှုကို စစ်သားဘ၀တွင် မရကောင်းဟုထင်လျှင် မှားပေမည်။ စစ်သားသည်လည်း သူလိုငါလို ပုထုဇဉ်ပင်ဖြစ်၏။ သွေးနှင့်ကိုယ် သားနှင့်ကိုယ်ပင်ဖြစ်၏။ အများနည်းတူ စိတ်၏ ခံစားမှု အမျိုမျိုးနှင့် ဆက်ဆံလျှက်ရှိ၏။ လူ့ဘ၀ လူ့ထုံးတမ်းမှ မလွန်မြောက်နိုင်ချေ။ ချစ်မှု၊ ခင်မှု၊ လွမ်းမှု၊ ဆွေးမှု၊ ပျော်မှု၊ ရွှင်မှု စသည့်လှိုင်းဂရက် တံပိုးအကြားတွင် နစ်တုံပေါ်တုံ ရှိလေသည်။ ထိုကဲ့သို့သော ကိုယ်ကျန်း စိတ်မကြမ်း စစ်သားမျိုးတွင် သူ၏ရင်တွင်၌ ဖြစ်ပေါ် လှုပ်ရှားမှု တွေ့ သိခံစားမှုတို့ကို မှတ်တမ်းတင်ခဲ့သော စာဆိုများလည်း မြန်မာ့စာပေတွင် ထင်ရှားစွာရှိပေသည်။ စာဆိုစစ်သား၏ ရင်အတွင်၌ဖြစ်ပေါ်လာသော ခံစားမှုတို့ကို နောင်လာနောင်သားတို့ သည် မိမိတို့၏ အတွေ့ အကြုံနှင့်ဆန်းစစ်ကြည့်နိုင်စေရန် ထိုစာဆိုစစ်သားတို့သည် နှလုံးသွေး ဖြင့်ရေးသကဲ့သို့ ထင်ရှားပြတ်သားစွာ ရေးသားစီကုံးခဲ့ကြသည်။ ရိုးတွင်းခြင်ဆီကို ဖေါက်ထွင်းပြီး အူလှိုက် သဲလှိုက်ရေးသားခဲ့သဖြင့်လည်း ဖတ်သူတို့၏စိတ်ကို သယ်ယူသွားနိုင် သောစာများဖြစ်ပေသည်။ ထိုစာများကို ဖတ်ရှုရင်း ထိုစာဆိုတို့၏ခံစားမှုကို ကိုယ်တိုင်ခံစားရ သကဲ့သို့သော ပီတိသည် ဖြစ်ပေါ်လာတော့သည်။ စာဆိုစစ်သားတို့ကား ခေတ်အလိုက် ရှိကြ သည်ချည်းဖြစ်၏။ ယခုခေတ်တွင်လည်း စာဆိုစစ်သားများမရှိဟု မည်သူပြောဝံ့ပါသနည်း။
စစ်သားနှင့်စာပေ
မြန်မာနိုင်ငံသမိုင်းကိုကြည့်လျှင် သမိုင်းတင်သည်မှစ၍ “စစ်” သည်မြန်မာများအဖို့ အဆန်းမဟုတ်သည်ကို တွေ့ ရပေမည်။ စစ်ကစားသည်။ စစ်ထိုးသည်။ စစ်တိုက်သည်။ စစ်ခင်းသည် စသည့် ဝေါဟာရများလည်း စာပေတွင်ပြည့်နှက်နေပေသည်။ “စစ်” လှုပ်ရှာချိန် တွင် စာပေသည်လည်း လှုပ်ရှားမြဲဖြစ်လေသည်။ စစ်လှုပ်ရှာမှုနည်းသည့်အချိန်တွင် စာပေလှုပ်ရှားမှုလည်း လျော့ပါးလေသည်။ စစ်သည်လူ၏ ကိုယ်နှင့်စိတ်ကို တက်ကြွစေသည်။ စစ်ရေးစစ်ရာ များပြားသောအခါ လူတို့၏ ကိုယ်ခန္ဓာသာမဟုတ် စိတ်သည်လည်း ရိုးတိုးရွတ ထကြွလှုပ်ရှားတော့သည်။ စိတ်လှုပ်ရှားသောအခါ စာပေသည် အသက်ဝင်လာသည်။ ယင်းသို့ စိတ်လှုပ်ရှားခိုက်ရေးသားသော စာပေသည် ပင်ကိုယ်မဟုတ်။ လှုံ့ ဆော်ပေးမှ ရေးသားသော စာပေ၏ အဆင့်အတန်းကို မမှီချေ။
စာဆိုရှင်သူရဲ
စာပေထွန်းပြောင်ခဲ့သော အင်းဝခေတ်သည် ခရစ်နှစ် ၈၀၀ပြည့်ခန့်တွင် စစ်ကစားမှု နှင့် ကြိုလျှက်ရှိ၏။ ထိုအခါတွင် စာပေကောင်းကင်၌ ရှင်သူရဲ ကြယ်မင်းသည် ထွန်းဝင်းနေ လေသည်။ရှင်သူရဲကား စာဆိုစစ်သားဖြစ်၏။ သခင်ထွေး ဧးချင်းနှင့်ရတုများကို သီကုံးခဲ့ သည်။ရှေးယခင်က မြန်မာနိုင်ငံတွင် မိုးစဲလေသောအခါ၌ စစ်ချီတက်မြဲဖြစ်၏။ ထိုသို့သော စစ်ချီတက်ရာသို့ လိုက်ပါ အမှုထမ်းရသော မောင်တော်စစ်သားအား သူ့သက်ဝေသည် တုန်အေးသော ဆောင်းရာသီ တပို့တွဲလ၌ ထူးကဲစွာတမ်းတမျှော်ခေါ်မိသည်။ ထိုလတွင် ဆီးသေး နှင်းပေါက်တို့ တဖျောက်ဖျောက်ကျဆင်းလျှက် ပေါက်ပင် လဲပင်တို့သည်လည်း ကင်းစ၊ ခွါညိုပန်းကလည်း ရနံ့ကြူဆဲအခါဖြစ်ပေသည်။ ထိုအခါ ချစ်သူနှင့်ဝေးကွာနေသော သက်ဝေသည် ချစ်သူကိုယ်စား ပန်းထိုးစောင်ကို မြင်ရတိုင်း အသည်းများကြွေကျလုမတက် ဖြစ်ရလေသည်။ အိပ်ရာထက်တွင် ချစ်သူ၏ ကိုယ်ရနံ့သည် သင်းပျံ့ဆဲဖြစ်၍ မယ်တယောက်တည်း အိပ်စက်၍မရချေ။ ချစ်သူရောက်မည့်သတင်းကိုသာ နားစွင့်လျက် လွမ်းဆွတ်နေရှာသည်။ ချစ်သူမဲ့သဖြင့် ရွှေရင်ညောင်းလျက်ရှိကြောင်းကို ဤသို့ဖွဲ့ ဆိုခဲ့သည်။
မဉ္ဇူပွင့်ဝေ၊ လေပြည်ဆွတ်က၊ နံ့မြတ်ကြိုင်အေး၊
တမွှေးမွှေးလျှင်၊ ဆီးသေးကြွေပျောက်၊ လဲပေါက်ကင်းစ၊
နွယ်မြလူလူ၊ ၀တ်ဖြူပျံ့ရွှင်၊ နေစဉ်တွင်ဝယ်၊
သည်ပင်မနီး၊ မယ်ထီးစက်ခါ၊ မွေ့ ရာလပ်ကြွင်း၊
ရင်တွင်းထည်လည်း၊ ပန်းထိုးချည်းကို၊ ဆွေနည်းနှမ၊
မြင်ကသနား၊ လွမ်းအားပူကျင်၊ မရွှင်ပြောင်းခွေ့ ၊
ဖြစ်ဘိ၍တည့်၊ မင်းချေ့ ရနံ့၊ ပျံ့လ ကာကာ၊
နံ့သာကြိုင်ရွှင်၊ သလင်းပေါ်ကြက်၊ မွေ့ ရာထက်တွင်၊
စမက်တတ်လျှင်း၊ နောင်သည်မင်းကို၊ ရောက်တင်းမေးထွေ၊
လွမ်းလျှက်နေသည်၊ ရင်ရွှေညောင့်ငံ့လှည့်ကာသော။
ပြည်န၀ဒေးကြီး
ရှင်သူရဲတို့၏ အင်းဝခေတ်ကိုလွန်မြောက်၍ တောင်ငူခေတ်ရောက်သောအခါ စစ်ကိုင်း ထောင်သင်း၊ စလင်းလကျာ်၊ ပြည်မှာ န၀ဒေးဟု သုံးနာမည်မွှေးခဲ့သော ရတုစာဆို ပဂေးသည် နှစ်ရာကျော်မျှသော ရတုများကိုစပ်ဆိုခဲ့ပေသည်။ န၀ဒေးကြီးသည် ရတုစာဆိုသာမဟုတ် မနော်ဟရီပျို့ နှင့် မင်းတရားမယ်တော်ကြီးဧချင်း ဘုရင့်နှမတော်ဧချင်း ကိုလည်း စီကုံးခဲ့၏။ စာဆိုန၀ဒေးကြီးသည် ထိုခေတ်အတွင်းက စစ်ကြောင်းအသွယ်သွယ်တွင် ပါဝင်ထမ်းရွက်ခဲ့၏။ ရောက်လေရာရာ အရပ်ဒေသတလျှောက် တန်ခိုးကြီးစေတီပုထိုးတို့အား တိုင်တည်သောအား ဖြင့် ဘုရားတိုင်ရတု အများကိုစပ်ဆိုခဲ့ပေသည်။ တခါတရံတွင်လည်း စိတ်ကူးနယ် ကျယ်ပြန့် သည့်အလျောက် တာဝတိံသာ နတ်ပြည်တွင်ရှိသော စူဠာမုနိစေတီကို၎င်း တရုပ်ပြည် (သင်းတွဲပြည်) ရှိ စွယ်တော်ဘုရားကို၎င်း ရည်ညွှတ်ပြီး တိုင်တန်းခဲ့သေးသည်။ စေတီပုထိုး အနှံ့အပြားသို့ ရောက်ခဲ့သည်ကို န၀ဒေးကြီးရေးသည့် ဘုရားတိုင်ရတုများကို ကြည့်ခြင်းအား ဖြင့်သိနိုင်၏။ မြန်မာနိုင်ငံ၏ အနောက်ဘက်၌ဆိုလျှင် ဒွါရ၀တီ (သံတွဲမြို့ ) အံတော်စေတီကို ၄င်း အရှေ့ ဘက်၌ဆိုလျှင် ဇင်းမယ်တွင် တည်ထားသောဆုတောင်းပြည့်ဘုရား ဗြကျော်ဘုရား ဗြသိန်ဘုရားတို့ကို၎င်း မြန်မာနိုင်ငံအတွင်း တန်ခိုးကြီးစေတီတော် အဆူဆူကို၎င်း တိုင်တည် ခဲ့၏။ ဘုရားတိုင်ရတု အရေအတွက်မျှပင် စစ်ရတုများကို ဖွဲ့ သီခဲ့သည်။ န၀ဒေးကြီး ရေးသား သမျှသော ရတုများတွင် ဘုရားတိုင် (၃၃) ရာခိုင်နှုန်း စစ်ရတု (၃၃) ရာခိုင်နှုန်း မယ်ဘွဲ့ (၁၄) ရာခိုင်နှုန်းနှင့် မိုးတော၊ ကျေးစေ၊ ရေလား၊ တောလား၊ မြို့ ဘွဲ့ ၊ သကြားတိုင် စသည်ဖြင့် အထွေထွေ (၂၀) ရာခိုင်နှုန်းပါဝင်သည်။ ဤမျှ စစ်ရတုတွင်အားသန်သည်မှာ န၀ဒေးကြီးကိုယ် တိုင် “စစ်မြေမှုထမ်း” ဖြစ်သောကြောင့်ပေတည်း။
ဘုရားတိုင်ရတုများ
န၀ဒေးကြီးသည် ဘုရားတိုင်ရတုများကို စပ်ဆိုရာ၌ သူတိုင်တည်မည့်စေတီ ပုထိုး တို့၏သမိုင်းကြောင်းကို နောက်ခံထားပြီးရေးလေ့ရှိသည်။ ဗဟုသုတကို လိုလားရှာဖွေ ဆည်းပူးသည့်အလျောက်ပြန်ပြီး တဆင့်ဖောက်သည်ချခဲ့သည်။ ထိုသို့ဖြင့်န၀ဒေးကြီး ရေးသားသော ဘုရားတိုင်ရတုများသည် ဘုရားသမိုင်းများကို မပျောက်ပျက်စေရန် ထိန်းသိမ်း ပေးခဲ့သည်။ စစ်ရတုများကို လေ့လာရာတွင်လည်း စစ်သားများ၏တွေ့ ကြုံခံစားမှုကို ထင်လင်း စွာသိရသည်။ အင်းဝမြို့ နဂါးရုံဘုရားသို့ တိုင်တည်သောရတုတွင် အလှသူဋ္ဌေး ချစ်သူကလေး အား သခင်အသစ် ကျွန်အဖြစ်ဖြင့် အချစ်တုံ့ပြန်ရန် နှစ်ရှည်လများကြိုးစားပြီး အသနားခံပါ သော်လည်း မည်သို့မျှ အမိန့်အထွေအထူးမရှိ၍ စိုးရိမ်ခြင်းဖြင့် တွေဝေနေပါတော့သည်။ ယခုအခါ၌ ဆောင်းလည်းဆောင်းတွင်း နှင်းလည်း အေးမြပြီး ငှက်များကလည်း မောင်နှံစုံ မြူးတူးသည့် အခါဖြစ်သောကြောင့် နှမငယ်တော်၏ အချစ်ကို မရရှိသေးသောမောင့်မှာ သည်ဆောင်းရာသီတွင် ယခင်ဆောင်းရာသီများနှင့်မတူဘဲ ပိုမိုချမ်းအေးလှပါသည်။ ထိုသို့သော အချစ်ဝေဒနာမှာ နဂါးရုံဘုရားရှင်သည် တန်ခိုးတော်ဖြင့် ကယ်မတော် မူပါဘုရား။ ချစ်သူ၏ရင်ခွင်၌ မကြာမတင် ခိုလှုံချင်ပါပြီ။ စိတ်နှလုံးသည် ပန်းမာလာ အလား မတည်ကြား နိုင်တော့ပါ။ ထိုဖြစ်အင်ကို ရတုဖြင့် ဤသို့ညဏ်ကွန့်လှိုင်း ခဲ့သည်။
ညက်စင်မွတ်ကြည်၊ ဘုံခြောက်မည်၌၊ ပြစ်ခြည်ကင်းလွတ်၊
အားလုံနတ်လျှင်၊ တုမှတ်ဖက်မျှ၊ ပြိုင်လာကြလည်း၊
သော်တာရောင်တွင်၊ ကြယ်နှယ်ထင်လိမ့်၊ ညိုစင်နွဲ့ ရွှန်း၊
လှများပန်းကို၊ ကံညွှန်းခြီးမြှင့်၊ ဖုန်းသစ်ပွင့်က၊
သခင့်အသစ်၊ ကျွန်အဖြစ်ဖြင့်၊ စိစစ်တရက်၊ ခန့်ရေတွက်၍၊
ချစ်သက်ဆယ်ဆ၊ လျှောက်များလှသည်၊ တုံ့မျှမပြေ၊
စိုးရလေခဲ့၊ ရစ်ခွေလည်ယှက်၊ ကျေးငှက်နွဲ့ မှီ၊
ဖေါ်စုံညီလျက်၊ ရာသီနှင့်နှင်း၊ မယ်ကပင်း၍၊
ဆောင်းချင်းမတူ၊ အချမ်းထူသော်၊ သည်းအူညွှတ်ပျောင်း၊
နောင့်အကြောင်းကို၊ ဥာဏ်ပေါင်းစကြား၊ ဖြည့်လျှင်းပါလော့၊
မကွာရွှေရင်၊ တူစုံချင်သည်၊ ပန်းသွင်ညွှတ်ရည်၊
ဆင်တော့သည်။
န၀ဒေးကြီးနှင့် ခေတ်ပြိုင်စာဆိုတော်ကြီးများကား ရတုတမ်းခွန် စိုက်တောင်ငူ၊ ဘုရင် နတ်သျှင်နောင်၊ မင်းဇေယျ ရ န္တမိတ်နှင့် ရှင်သံခိုတို့ပင်တည်း။ ထိုသူများသည်လည်း စစ်ရေး စစ်ရာမှ မလွှဲကင်းနိုင်ကြကုန်။ အပြေးအလွှား စစ်ကစားနေသောခေတ်တွင် ထွန်းကားသူများ ဖြစ်သည့်အလျောက် စစ်မြေပြင်နှင့် ကံဆုံခဲ့ကြသည်။
နတ်သျှင်နောင်
နတ်သျှင်နောင်ကား ရတုစာဆိုများတွင် အထွတ်တိုင်သူဟု အသိအမှတ်ပြုကြသည်။ နူးညံ့သိမ်မွေ့ လှသော နှလုံးအကြားမှ တဖွားဖွားပေါ်ထွက်လာသော အချစ်သွေးကို သူ့ တကိုယ်လုံး၌ ပျံ့ နှံ့ တည်စေသည်။ ထိုမျှသာမက သူ့စာတော်ကို ဖတ်ရသောအခါ နုလှစွာသော နှလုံးသားကို ယန္တယားစက်ဆင်၍ ကောင်းကင်က လှုပ်ဘိသကဲ့သို့ ပိတိသုခကို ဖြစ်စေတော့သည်။ ရွှေမြင်တင် ဘုရားတိုင်ရတုတွင် နတ်သျှင်နောင်သည် သူ၏စိတ်တွင်ဖြစ် ပုံကိုဤသို့ ဖေါ်ပြခဲ့သည်။ ရွှေမြင်တင်ဘုရားရှင်ကို သူ၏ချစ်သူအား ဖူးစေလိုလှ၏။ ချစ်သူ နှင့် အတူတွဲလျက် ဆုတောင်းရမူ တောင်းဆုပြည့်ပေမည်ဟု ထင်မှတ်တော့သည်။ ယခုတမူ ချစ်သူမပါဘဲ နောင်တကိုယ်တည်းဖြစ်၍ စိတ်နှလုံးမကြည်မြနိုင်တော့ချေ။ အကျွတ်ဆုကို မတောင်းရက်တော့ပါ။ ထိုသို့ သူ့အချစ်ကို ရတုဖြင့် ဖွင့်လှစ်ခဲ့ပေသည်။
ဖူးပါစေချင်၊ မြတ်ချစ်သျှင်ဝယ်၊ သက်ဝင်ကြည်ဖြူ၊
စုံဘိမူကား၊ အတူသံမြ၊ တောင်းတိုင်းရ၏၊
ကဲဆထပ်ကာ၊ နောင်သာနောင်ချည်း၊ ဖေါ်နည်းမရွှင်၊
မြတ်မြင်တင်ဝယ်၊ အိမ့်ရှင်ကလျာ၊ မယ်မပါမူ၊
မြော်ကာမတည်၊ မူမော်လည်ရှင့်၊ ကျွတ်မည်ဆုမျှ၊
မိန့်ဟမိန့်မြတ်၊ မကောင်းတတ်ခဲ့၊ ရှိဝတ်ပူဇော်၊
ကြည့်ရှုမျှော်လည်း၊ သျှင်တော်ကြငှန်း၊ ထွက်ဦးစွန်းသည်၊
ပြောင်းရွှန်းပြောင်းဝေ ၀ှန်တော့သည်။
ဇေယျ ရ န္တမိတ်
နတ်သျှင်နောင်ဘုရင်နှင့် ခေတ်ပြိုင်စာဆိုဖြစ်သော ဇေယျ ရ န္တမိတ် သည်လည်းချစ်သူ ၏ ချစ်ဒုက္ခကို ဤသို့ခြယ်စီခဲ့သည်။ စစ်မြေတာသို့ လိုက်ပါထမ်းရွက်နေရသော အခါ၌ပင် ချစ်သူ၏ ချိုပြုံးကြည်အေးသော မျက်နှာကို မည်သည့်အခါမှ ဖူးတွေ့ ရအံ့နည်းဟု တိတ်တိတ် ခိုးကြံစည်မိပေသည်။ ချစ်သူထံသို့ လွမ်းစာခွေကို မပေးအားသဖြင့် အချစ်လှိုင်းကြီးမားနေပါ သည်။ စစ်သားဖြစ်သည့်အလျောက် အရပ်လေးမျက်နှာသို့ လှည့်ပတ်သွားလာနေရသော မောင်တော်ပြန်ရောက်မည့်နေ့ကို ချစ်သူသည် မြှော်ငံ၍နေလိမ့်မည်ကို
နှံ့ သက်ဝေ၍၊ မသွေကြပြီ၊ ချစ်ခြင်းညီသည်၊
အာနီမုတ္တ၊ ၀ဠာဟနှင့်၊ ဖြူစွကြည်လင်၊
ပုလဲသွင်သို့၊ သခင်နောင်သက်၊ ငယ်ကျွမ်းဖက်ကို၊
လွမ်းလျက်ရေးရာ၊ စစ်မြေတာဝယ်၊ နေ၀ါလည်း ရှိမ်း၊
ရေပေါက်သိမ်းက၊ ချမ်းငြိမ်းမြ၀ါ၊ ကုမုဒါတြာသို့၊
မျက်နှာရွှေစင်၊ မမြင်မခြင်း၊ မျှော်တင်းဆိုခိုး၊
ရောက်နိုးနိုးနှင့်၊ လွမ်းမိုးထွေလာ၊ လက်ဆောင်စာကို၊
ထပ်ခါထားပြန်၊ ချစ်အားသန်၍၊ စုန်ဆန်သွားမြောက်၊
ကြည်းရေ ရောက်လည်း၊ ရှေ့ နောက်မြောက်တောင်၊ ကုန်အောင်နုံမျှ၊
စုန်ဆန်ရသည်၊ ရှုတနောင်မင်း၊ မေးတင်းရက်ရေ၊
စုံထွေမှာလိမ့်မည်တမုံ့။
ရှင်သံခို
ဇေယျ ရ န္တမိတ်၏တူကား ရှင်သံခိုတည်း။ ရှင်သံခိုသည် ရတုဆိုရာတွင် အရှင်သခင် ဖြစ်သော နတ်သျှင်နောင်၏နည်းနာကို လိုက်သောအားဖြင့် သိပ်သည်းကျစ်လျစ်ပေသည်။ စာဆိုများ၏ သွေးသည် ရှင်သံခို၏ ကိုယ်တွင်ကိန်းဝတ်နေရကား ရှင်သံခို၏ ရတုများသည် ချိုမြိန်လှ၏။ ရှင်သံခိုထွန်းကားရာခေတ်ကား ညောင်ရမ်းခေတ်ဦးဖြစ်လေသည်။ စစ်မက်ရေးရာ မင်းရေးရာကြောင့် လညောင်းနှစ်မြင့် လုနီးပြီဖြစ်၍ အိမ်သူဇနီးသည်လည်း စိတ်ကွက်ပေလိမ့်မည်။ ရင်သွေးများသည်ပင်လျှင် ဖခင်မှန်းမသိ ရိုင်းပျံ့ လေသည်။ ရွှေဘုန်း တော်ပွင့်လန်းမှ ရွှေနန်းသို့ အမြန်ရောက်ပေလိမ့်မည်။ ရှေးအခါက ယခုကဲ့သို့ စစ်ကစားမှုသည် မကြာတင်ပလေ။ အရှင်သခင် ဘုရင်မင်းမြတ်သည် မည်သည့် အချိန်အခါမှ ပြန်မည်မသိ၍ ဆောင်းနွေ ကုန်မြောက်ပြီး မိုးရာသီတိုင်အောင် ကြာမြင့်ပေလိမ့်မည်တကား ဟု ဤသို့ ဖွဲ့ နွဲ့ ခဲ့လေသည်။
ချစ်သူသူ့ဆီ၊ မှတ်ဖွယ်ပြီတည်း၊ ကုံးသီရစ်ခွေ၊
လကိုရေမူ၊ နှစ်ကျေလုနီး၊ ဝေးကြီးမြေတာ၊
မင်းရေးရာကြောင့်၊ ကွေကွာကွေလွင့်၊ ရွှေဘုန်းပွင့်၍၊
နှစ်မြင့်မဟူ၊ ပြန်လွယ်ကူလော့၊ အိမ်သူပျော်ပိုက်၊
ခေါ်ကြိုက်လှည့်ဖြား၊ သားလည်း စိတ်ချဉ်၊ မယဉ်ဝေးစွာ၊
ဖင့်နှေးရှာလိမ့်၊ ရှေးခါစစ်တိုင်း၊ သို့မနှိုင်းတည့်၊
နန်းပိုင်းပွင့်ချိန်၊ ရဲနရိန်လျှင်၊ စက်ရှိန်လျှံညိ၊
ပြန်မသိ ၍၊ ဆောင်းထိနွေရှောင်၊ ရက်ရှည်ခေါင်သည်၊
မိုးတောင်ကြာရာ၊ ဘိတော့သည်။
စိ န္တ ကျော်သူ ဦးသြ
အရည်အသွေးနှင့်ပြည့်စုံသော စာဆိုစစ်သားများထွန်းကားသည့် တောင်ငူခေတ် ညောင်ရမ်းခေတ်တို့ ကျော်လွန်လာသောအခါ ကုန်းဘောင်ခေတ်ဦး တိုင်းပြုပြည်ြ့ပု အခါတွင် စိ န္တ ကျော်သူ ဦးသြ သည်ဘုရင့်စာဆိုဖြစ်လေသည်။ ရှင်ဘုရင်ထံပါး နီးကပ်စွာ ခစားရသဖြင့် မင်းလိုလိုက် မင်းကြိုက်စီကုံးရေးသားရသည်ကများ၏။ စာဆို၏ဥာဏ်ကို ဘုရင်၏ဘုန်းက တားမြစ်သကဲ့သို့ ရှိချေသည်။ ဘုန်းတော်ဘွဲ့ များကို နှုန်းဖွဲ့ ရာ၌ အမြှောက်အပင့်များပြီး စိတ်ကူးနယ် ပျံ့ ပျူးပုံမရချေ။ သို့ရာတွင် ဘုရင့်ဘုန်းရိပ်လွတ်သော အဖွဲ့ များ၌ကား ဦးသြ၏ ပင်ကိုယ်ဥာဏ်သည် ထွန်းလင်လျှင်ရှိ၏။ ဦးသြကား စာဆိုသက်သက်မျှမဟုတ်ချေ။ ဘုရင်မင်း မြတ်နှင့်အတူ စစ်မြေပြင်သို့လိုက်ပါရသော “စစ်မြေမှုထမ်း” ပင်ဖြစ်ချေသည်။ အလောင်ဘုရားသည် “နိုင်ငံချဲ့ ရွှေဘို” အဖြစ်တိုင်းသစ်ပြည်သစ် တည်ထောင်လို သဖြင့် စစ်ကစားရာတွင် စစ်သည်ရဲမက်တို့သည် နေ၀င်ရီတရောတွင်ရောက်ကြသည်။ ထိုအခါ ရေဆိတ်ရေကြောင်း ရေဆိပ်မသင့်ရကား ဗိုလ်ချေတို့သည် ပင်ပန်းနွမ်းနယ်ကြကုန်သည်။ ဆိုက်ကပ်သည့်အချိန်နှောင်းသဖြင့် ထမင်းရေစာနှင့် ကွာဝေးလျှက် ရေရွတ်သံတို့သည် ပလူ ပျံနေ၏။ ဤသို့ဖြင့်မပြီးသေး အောက်မိုးအောက်လေပီပီ မိုးကလေးလည်း ဖျဉ်းအိုးကို ရိုက်သွန်းလောင်းရွာချသဖြင့် ခိုက်ခိုက်ခွဲဘိသည့်အလား တုန်ချမ်းအေးကြပေသည်။ လွမ်းသူကို ပိုမိုလွမ်းအောင် ဖန်တီးသကဲ့သို့ ရှိချေသည်။ ဤကဲ့သို့ ကသိကအောက် ဒုက္ခအတန်တန် အဆင်းရဲခံနေရသည်ကို နှမပြာဖြူချစ်သည့် သူသည် စစ်ကစားရာ၌ ပျော်ရွှင် နေသည်ဟုထင်မည်ကို စိုးရိမ်ပါတော့သည်။ နေ၀င်မှ နေထွက်အထိ မှတ်ခြင် ဖြုတ်ရဲတို့သည် ခြောက်လှန့် နှင်ထုတ်ပါသော်လည်း အနည်းငယ်မျှ မဖြုံ သဲကိုဆုပ်ပက်သည့်အလား တပ်ချီ ကာ ၀ိုင်းအုံပြီး သွေးသားကို ၀ါးမျိုလျှက်ရှိကြသည်။ ခြင်ထောင်များ ပါရှိသော်လည်း ထိုမှတ်ခြင် ဖြုတ်ရဲတို့ ရန်မှ မလုံခြုံခဲ့ပေ။ စေးခြုံပိတ်ပေါင်း ကိုင်းတော ကျူတောတွင် နေရ၍ မိုးသက်လေပြင်းတို့ ဆော်မြူးသည်မှာ လွမ်းအားသည်းစေတော့သည်။ အောက်ရပ် အောက်ဒေသကား ဤသို့နေခက်အောင် ဆိုးရွားလှသည်ဟု ရှေးကကြားဖူးသည်နှင့် ကိုက်ညီ ပေတော့သည်။
ဓနုဖြူတွင် စစ်ချီရတု
ဗိုလ်ပါရဲမက်တို့သည် စစ်ချီတက်ရာ၌ ဓနုဖြူသို့ရောက်ရှိကြရာ တွေ့ ကြုံရသော ဆင်းရဲ မှုကို စိ န္တ ကျော်သူ ဦးသြက ကွက်ကွက်ကွင်းကွင်း ထင်လင်းစွာဖော်ပြခဲ့သည်။ အလွမ်းဇာတ် ကြောင်းကို ထိမိခဲ့၏။ ယခုပြည်ထောင်စုမြန်မာနိုင်ငံတော်သည်လည်း တိုင်းသစ်ပြည်သစ် တည်ထောင်ခါစဖြစ်သည်။ စိ န္တ ကျော်သူ ဦးသြကဲ့သို့ စစ်မြေပြင်အနေအထားကို ဖော်ပြသည့် စာဆိုစစ်သည်များလည်းရှိပေမည်။ အကြောင်းတမူ ဒုတိယ ကမ္ဘာစစ်ကြီး၏ နောက်ဆွယ် တော်လှန်ရေး ခေတ်အတွင်း၌ စိ န္တ ကျော်သူ ဦးသြကဲ့သို့စာဆိုအမြောက်အများ ပေါ်ပေါက်ခဲ့ သည်ဟုကြားသိရ၏။ ထိုစာဆိုများ၏လက်ရာကား အသို့နည်း။ စစ်လမ်းဖြစ်သော ဓနုဖြူ၌ စခန်းပြုလုပ် ရပ်နားနေခိုက် တွေ့ ကြုံကြရသည့် အကြောင်းအချင်းမှာ ဤသို့တည်း။
ဓနုဖြူတွင်၊ ထွတ်သိုက်ဝင်လျှင်၊ စက်ရှင်ထွန်းတောက်၊
စံကွန်းထောက်က၊ တောင်မြောက်အုံ့ မှိုင်း၊ ရှေ့ အတိုင်းလျှင်၊
မှီခိုင်းကမ်းယပ်၊ တင်းကျမ်းစပ်မျှ၊ မလပ်ဆိပ်ခင်း၊
လေပြင်းလှိုင်းရိုက်၊ ၀ဲဒိုက်ကျလိုင်၊ မနိုင်ခိုင်းမက်၊
ပဲ့တက်မစား၊ ထိုးဝါးမမှီ၊ ခတ်ချီမပါ၊
ရေကြီးရာတွင်၊ ရှုပ်လာလှေချင်း၊ ဦးသွင်းပဲ့ဆုတ်၊
ချိတ်ကုတ်မမြ၊ ရေထဲကူးသန်း၊ မြုပ်မွန်းစုပ်ဖွါး၊
ကြိုးဖျားငင်နွဲ့ ၊ ခုန်ဆွဲဖေါင်းကိုင်း၊ ကမ်းယိုင်ခိုင်း၍၊
လှေတိုင်းပဲ့ပန်း၊ စခန်းမလှ၊ ဆိုက်ကြရသည်၊
ချုပ်ည မှိုင်းဝေရီတော့ ၏။
တစုသူရှင်၊ အတင်တင်ဘိ၊ ဘယ်တွင်မလပ်၊
လှေချင်းကြပ်၍၊ ကမ်းယပ်မှီတွဲ၊ ဆိုဆဲမနာ၊
ညစာဝေးလံ၊ မြစ်ယံကမ်းမှေး၊ ရွှံစေးထူထပ်၊
မြေလပ်ကုန်းခင်၊ မမြင်မြောက်တောင်၊ ညဉ်းမှောင်ရီနက်၊
ဗိုလ်ရဲမက်တို့၊ စိတ်စက်ကွဲပြို၊ ရှိသည်ကိုလည်း၊
တိမ်ညိုယှက်စေ့၊ မိုးလုံးဝေ့၍၊ ညဥ့်နေမစဲ၊
ဖြန့်ကြဲဆွတ်ရွှမ်း၊ အလွမ်းရှိဟောင်း၊ အချမ်းလောင်းခဲ့၊
သိန်းသောင်းလူမျိုး၊ မရွှင်ညှိုးသည်၊
အောက်မိုးအောက်လေ ပီတော့၏။
ယခုပင်ပူ၊ သို့ဖြစ်အင်ကို၊ ပန်းရင်မသည်၊
မြိတ်စို့စည်းက၊ နောင့်ချည်း ကြင်ချစ်၊ မေတ္တာရစ်သား၊
ကျစ်လစ်စောင့်ကြပ်၊ ပြစ်မစပ်မူ၊ တပ်အပ်မသိ၊
ပျော်ဖွယ်ရှိ၍၊ ဇာတိသူ့ခွင်၊ စစ်မှာရွှင်ဟု၊
မှတ်ထင်လေနိုး၊ စိုး၍လောင်လင်၊ သို့ရာတွင်ကို၊
နေ၀င်မိုးသောက်၊ နှင်ချောက်မဆုတ်၊ မှက်ခြင်ဖြုတ်လည်း၊
ကိုက်စုတ်သွေးရဲ၊ ဆုပ်၍ကြဲသို့၊ ထူထဲခြင်ရန်၊
ကာတန်မလုံ၊ ဆင်းရဲပုံခဲ့၊ စေးခြုံပိတ်ပေါင်း၊
ကိုင်းဖေါင်းဖေါင်ကြူ၊ ထပ်တူမှိုင်းဝေ၊ မိုးလေဆော်မြူး၊ လွမ်းစေနူးသည်၊
ကြားဖူးသည်နှင့် ညီတော့၏။
ကုန်းဘောင်ခေတ်ဦးကား ရဲစိတ်ရဲမာန်တက်ကြွချိန်ဖြစ်သည့် အလျောက် စိ န္တ ကျော်သူ ဦးသြ နှင့်ခေတ်ပြိုင်စာဆိုတော် အများ ထွန်းကားခဲ့ပေသည်။ ထိုစာဆိုတော်ကြီးများအနက် လက်ရုံးရည် နှလုံးရည် ထက်မြက်သော ရွှေတိုက်စိုးဦးတိုး၊ လက်ဝဲသုန္ဒရဦးမြတ်စံ၊ မြ၀တီမင်းကြီးဦးစ၊ ဆီမီးခုံရွာစားဦးရွှန်းတို့သည် ရတုရကန် တတန်ဘွဲ့ ကြိုး ပတ်ပျိုးယိုးဒယား ပျို့ လင်္ကာများဖြင့် မြန်မာစာပေကို ချီးမြှင့်ခဲ့ကြသော “စစ်မြေမှုထမ်း” တို့ဖြစ်ပေသည်။ ဤကဲ့သို့ မြန်မာနိုင်ငံ သမိုင်းစဉ်း တလျောက်နှင့် လက်ရုံရည် နှလုံးရည်ပြောင်မြောက်ခဲ့သော စာဆို စစ်သည်များသည် ထင်ရှားစွာ ထွန်းပေါ်သကဲ့သို့ တိုင်းသစ်ပြည်သစ် ထူထောင်ကာစဖြစ်သော ယခုခေတ်သမယ၌ စာဆိုစစ်သားအများကို တွေ့ မြင်ကြရလိမ့်မည်ဟု မြှော်လင့်ရပေသတည်း။
(စစ်နှလုံး စာဆိုတော်နေ့ အထူးစာစောင်မှ ကောက်နှုတ်ဖော်ပြသည်။)
ဦးစိန်ဝင်း(မဟာဝိဇ္ဇာ)ရေးသည်။ ၁၉၅၂ ခုနှစ်ဒီဇင်ဘာလထုတ် မြ၀တီမဂ္ဂဇင်း အတွဲ (၁)၊ အပိုင်း (၂) ။
No comments:
Post a Comment