မျိုးချစ်စစ်သည်

ပညာမဲ့သော ထိုသူသည်- ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုပဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ရောက်ရ၏။

ခုကတော့ ...

User Online

လာလည်သူပေါင်း

Cabo Yachts

Wednesday, April 21, 2010

ဗိုလ်ချုပ်အောင်ဆန်း၏လောကအမြင်

နိုင်ငံရေးဟူသည်မှာလောကဟိတလုပ်ငန်းဖြစ်သည်။လောကဟိတဟူသည်မှာလောကကောင်းကျိုးကိုဆောင်ခြင်းတည်း။လောကဟူသည်မှာလည်း လူနှင့်ကင်းသည်မဟုတ်။ သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောကဟူ၍ လောကသုံးပါး ပိုင်းခြားပြဆိုရာဝယ် လူအပါအဝင်ဖြစ်သော သတ္တလောကသည် အဓိကပင်မဟုတ်တုံလော။ လောကကောင်းကျိုးကို ဆောင်လိုသူသည် လောကအမြင်ရှိရမည်ဖြစ်သည်။ ထိုလောကအမြင် တိကျမှန်ကန်သည်နှင့်အမျှ၊ လောကကောင်းကျိုးကို ဆောင်ရွက်သောလုပ်ငန်းသည် ထမြောက်အောင်မြင်လိမ့်မည်။ ဗိုလ်ချုပ်အောင်ဆန်းသည် သမိုင်းကိုစနစ်တကျလေ့လာ၍ ဆင်ခြင်သုံးသပ်သော ဝသီရှိသူဖြစ်၏ ။ ထိုဝသီကြောင့် သူ့ ၌လောကအမြင် တစ်ခုရှိသည်။ ထိုလောက အမြင်မှာလည်း မျက်မြင်ဒိဋ္ဌတို့ ကိုကြည့်၍ တွေးခေါ်မျှော်မြင်သော အမြင်ဖြစ်သည်။ စိတ်ကူးယာဉ်သူသည် မြေမှလွတ်၍ ကောင်းကင်၌ ပန်းဆိုင်းဆွဲ ဘိသကဲ့သို့  အထက်မရောက် အောက်မကျ စဉ်းစာတတ်သည်။ ဗိုလ်ချုပ်သည် ငယ်ရွယ်စဉ် ကျောင်းသားဘဝက အများနည်းတူ လွတ်လပ်ရေး ဆိုသဟာကို အမျိုးမျိုးစိတ်ကူးယဉ်၍ ကြည့်ခဲ့ဖူးပေးသည်။
သို့ သော်ရင့်ကျက်လာသောအခါ လက်တွေ့ လုပ်ငန်းတို့ ကို လုပ်ဆောင်ရာ၌ ဒိဋ္ဌဓမ္မကိုကြည့်၍ လုပ်ဆောင်ခဲ့သည်။ ထို့ ကြောင့်လည်း သူ၏ကြိုးပမ်းမှုတို့ သည် အောင်မြင်ခဲ့ရခြင်းဖြစ်၏ ။ အဆိုပါအချက်တို့ ကို သာဓကပြပါဟုဆိုလျှင် ထိုစဉ်က Freedom Bloc ဟုခေါ်သော လွတ်လပ်ရေးတပ်ဦး ဖွဲ့ စည်းပုံက အစပြု၍ ပြောရလိမ့်မည်။ ထို့ နောက် ဗမာ့လွတ်လပ်ရေးတပ်မတော် ဖွဲ့ စည်း၍ ဗြိတိသျှ တော်လှန်ရေးလုပ်ခဲ့ပုံ၊ ဖက်ဆစ်ဆန့် ကျင်ရေး အဖွဲ့ ကိုဖွဲ့ စည်း၍ ဂျပန်တော်လှန်ရေးလုပ်ခဲ့ပုံ၊ ဖက်ဆစ်ဆန့် ကျင်ရေး ပြည့်သူ့ လွတ်လပ်ရေး အဖွဲ့ ဖြင့် ဗြိတိသျှ အရင်းရှင် နယ်ချဲ့ လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းခဲ့ပုံ စသည့် ဗိုလ်ချုပ်၏ နိုင်ငံရေးလုပ်ရပ် အဆင့်ဆင့်တို့ ကို ဖော်ပြရမည်ဖြစ်၏ ။ ဤဆောင်းပါးအဖို့  ကျနော်ဤမျှ ဝိတ္ထာရကို မရည်ရွယ်ပါ။ စင်စစ် ထိုအခြင်းအရာတို့ ကို ပိုင်ပိုင်နိုင်နိုင် ဖော်ပြနိုင်စွမ်းရှိသည့် ပုဂ္ဂိုလ်များမှာ ဗိုလ်ချုပ်နှင့်နီးစပ်သော နိုင်ငံရေးသုတေသီ ပုဂ္ဂိုလ်တို့ သာလျှင်ဖြစ်ပေမည်။ နောင်အခါတွင် ဗိုလ်ချုပ်၏ လောကအမြင်ကို ကျမ်းကြီး ကျမ်းခိုင် အဖြစ်ဖြင့် ထိုပုဂ္ဂိုလ်တို့ က ပြုစုကြပေလိမ့်မည်။ ကျနော်ကား နိဒါန်းသွယ်ရုံမျှသာ တတ်နိုင်သည်။ ယင်းသို့  နိဒါန်းသွယ်ပေးသဖြင့် အထက်ဖော်ပြရာပါ သုတေသီတို့ က ကျမ်းကြီး ကျမ်းခိုင် တစ်ခုလောက် ပြုစုနိုင်ပါလျှင် ကျနော့်အဖို့  ဆော်သြရကျိုးနပ်ပြီဟု ယူဆရပါမည်။ ဗိုလ်ချုပ်၏ လောကအမြင်ဟုဆိုခြင်းကြောင့် အဘယ်လောကနည်းဟု မေးဖွယ်ရှိသည်။လောကကိုခြုံ၍ကြည့်လျှင် သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက တို့ ကို မြင်ရပေမည်။ ဗိုလ်ချုပ်လည်း ထိုကဲ့သို့  ခြုံ၍ကြည့်ခဲ့လိမ့်မည်မှာ မလွဲချေ။
သို့ သော် ဗိုလ်ချုပ်သည် ဤကျွန်ုပ်တို့ ၏မြန်မာ့ရေမြေနှင့် နီးစပ်သူပုဂ္ဂိုလ်ဖြစ်၍မျက်မြင်ဒိဋ္ဌ တို့ ကိုသာ ဦးစားပေးသူဖြစ်လေရာ၊ ဗိုလ်ချုပ်၏လောကမှာ မြန်မာ့လူ့ ဘောင်လောက ဖြစ်ပေသည်။ ထို့ ကြောင့် ဗိုလ်ချုပ်၏ မြန်မာ့လူ့ ဘောင်လောက အမြင်ကို ကျနော်ဆိုလိုသည်။ လူ့ ကောင်းကျိုးကို ဆောင်ရွက်သူတို့ မှာ ပစ္စက္ခ၌ မြင်တွေ့ နေရသော လူ့ ဘောင်လောက၏ အခြေအမြစ် ကို စူးစမ်းရန်တာဝန်ရှိပေသည်။ ထိုအခြေအမြစ်ကို လိုက်သည်ရှိသော် ပစ္စုပ္ပန်၌ ဤသို့  ဤသို့ ဖြစ်ပေါ်လာရသည်မှာ အတိတ်၌ ထိုသို့  ထိုသို့ သော အကြောင်းကြောင့် ဖြစ်ပေါ်လာရလေသည် ဟူ၍ အကြောင်း အရင်းကို ရှာစမြဲ ဖြစ်၏ ။ ဗိုလ်ချုပ်သည် မိမိလုပ်ရပ်များအတွက် အဆိုပါ အကြောင်း အရင်းကို ရှာကြံလေ့ ရှိသည်။ ဗိုလ်ချုပ်သည် ၁၉၄၅ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ တွင် အရှေ့ အနောက် အသင်း အစည်းဝေးပွဲ၌ မြန်မာ့တော်လှန်ရေး အကြောင်း ဟောပြောသွားခဲ့သည်။ ထိုသို့ ဟောပြောရခြင်းမှာ အကြောင်းရှိ၏ ။
မဟာမိတ်တပ်များသည် ၁၉၄၅ ခုနှစ် မေလတွင် မြန်မာနိုင်ငံကို ပြန်လည်သိမ်းပိုက်ခဲ့ကြသည်။ ထိုအခါ ယင်းသို့  လွယ်လွယ်ကူကူနှင့် ပြန်လည်သိမ်းပိုက် နိုင်သည့်အကြောင်းကို ရှာလိုက်သောအခါ ဗိုလ်ချုပ်အောင်ဆန်းဦးစီးသော မြန်မာ့မျိုးချစ် တပ်မတော်၏ တော်လှန်ရေးလုပ်ငန်းကို တွေ့ မြင်လာကြရသည်။ ဤသည်တွင် ကမ္ဘာ တစ်ဝန်းလုံးသည် ဗိုလ်ချုပ်နှင့်တကွသော မြန်မာ့ မျိုးချစ်တပ်မတော်ကို ချီးကျူးလာကြသည်။ သို့ ရာတွင် ဗြတိသျှ နယ်ချဲ့ အရင်းရှင် ဗျူရိုကရက်တို့ ၏ နောက်လိုက်များကား မြန်မာ့ မျိုးချစ်တပ်မတော်ကို အသားမပေးလိုကြချေ။ ရာဇဝန်တွင် မပေါ်အောင် မြုပ်နှံလိုကြသည်။ ထို့ ကြောင့် SEAC သတင်းစာမှ နေ၍ အမျိုးမျိုး သွားပုပ်လေလွင့် ရေးသားသည်။ ဤသည်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အချက်လက်နှင့်တကွ ချေပခဲ့ရသည်။ ဤသို့ ချေပရန်အတွက် ပထမဦးစွာ အရှေ့ အနောက်အသင်းကို အသုံးပြုခဲ့သည်။ ဤသည်မှ နောက်ပိုင်းတွင် SEAC သတင်းစာသည် မြန်မာမျိုးချစ်တပ်မတော်ကို ပုပ်ခတ်ခြင်းမှ ရှောင်ကြဉ် လာရလေသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဟောပြောချက်မှာ မြန်မာတို့ က ဗြတိသျှ တို့ ကို အဘယ့်ကြောင့် တော်လှန်ခဲ့ရသည့် အကြောင်းဖြစ်သည်။ ထိုဟောပြောချက်ထဲတွင် စိတ်နာစကားမပါ ဖြစ်ရခြင်းအကြောင်းတို့ ကို ရိုးရိုးနှင့်စင်းစင်း မကွယ်မထောက် မငဲ့မညှာ ဟောပြောခြင်းသာဖြစ်သည်။ ထိုဟောပြောချက်သည် ဗိုလ်ချုပ်၏ လောကအမြင်ကို ဖော်ပြပေသည်။ ဗြိတိသျှတို့  မြန်မာနိုင်ငံကို မသိမ်းပိုက်မှီ မြန်မာဘုရင်ခေတ် တစ်လျှောက်လုံး၌ ကျနော်တို့ ၏ လူနေမှု စနစ် အရင်းခံသည် အလယ်ခေတ် ပဒေသရာဇ် စနစ်အတိုင်းပင် ဖြစ်သည်။
ရှေးမြန်မာဘုရင်တို့ သည် ပဒေသရာဇ်နယ်ပယ်များကို စုပေါင်းစည်းရုံး၍ ဧကရာဇ် စနစ်ကို ထူထောင်ခဲ့ကြသည် မှန်ပေသည်။ သို့ သော် အများနှင့်စာလျှင် ကျနော်တို့ မှာ ရှေးကျလွန်းသည် ဖြစ်၍လည်းကောင်း၊ ကျနော်တို့ ၏နိုင်ငံရေး အတွေးအခေါ်မှာ နယ်ချဲ့ ခြင်း၊ ချယ်လှယ်ခြင်း၊ အမြတ်ထုတ်ခြင်းစသော သဘောတရားတို့ ၌ အခြေခံသည်မဟုတ်ခြင်းကြောင့် တစ်ကြောင်း၊ မြန်မာဧကရာဇ် ဘုရင်မင်းမြတ်တည်းဟူသော အမည်နာမကို နှစ်ပရိစေဒ ကြာရှည်စွာ အမြစ်စွဲ လောက်အောင် အသုံးပြုနိုင်ခဲ့သည်မဟုတ်ချေ။ အမျိုးသားခြင်း စည်းလုံးညီညွှတ်ရေး သာလျှင် ပဓာနဖြစ်၍ ထိုညီညွှတ်ရေးအလိုပြည့် လျှင် ကျနော်တို့ ဘိုးဘွား ဘီဘင်တို့ သည် ရှေးမူမပြတ် နေထိုင်မြဲ နေထိုင်ကြသည်။ ရုပ်ဝတ္တု တိုးတက်မှု အခြေခံဖြစ်သော ကုန်ထုတ်လုပ်ခြင်း၊ ရောင်းခြင်း၊ ဝယ်ခြင်း၊ စက်မှုလုပ်ငန်းတည်ထောင်ခြင်း၊ စသည့် အမှုတို့ ကို မပြုခဲ့ကြချေ။ ထို့ ကြောင့်ဥရောပ၌ အလယ်ခေတ်ကို ကျော်လွန်လာသောအခါ ပဒေသရာဇ်စနစ် ကွယ်ပျောက်စ ပြုလာသော်လည်း ကျနော်တို့ မှာ ၁၉ ရာစုနှစ်တိုင်အောင် ပဒေသရာဇ်ကို ဖက်ထားရဆဲ ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့ပဒေသရာဇ်ခေတ်၌ မြန်မာ့စည်းပွါးရေးမှာ မြေကိုစွဲသော စီးပွါးရေးဖြစ်သည်ဟု တင်ပြခဲ့သည်။ ထိုခေတ်က မြန်မာ့မြေယာ စနစ်မှာ ဓါးမဦးချ၊ ဘိုးဘပိုင်နှင့် အရာတော်မြေဟူသော မြေသုံးစား အပေါ်တွင် တည်ဆောက်သော စနစ်ဖြစ်သည်။ ထိုခေတ်က မြေငတ်သည် ဟူ၍ မရှိ။ တိုင်းသူ ပြည်သားမှန်သမျှ ယေဘုယျ အားဖြင့် မိမိမြေကို မိမိပိုင်၍ မိမိကိုယ်တိုင် တစ်ဝမ်းတစ်ခါး ဖူလုံရေးအတွက် လုပ်ကိုင်နိုင်ကြသည်။
မဇ္ဈိမဒေသမှလာ၍ ဗြဟ္မဏ ပုဏ္ဏား တို့ ၏ ယဉ်ကျေးမှု လွှမ်းမိုးခြင်း၊ အငွေ့ အသက်မကုန်သေးသောကြောင့် ကျနော်တို့ နိုင်ငံတွင် ဘုရားကျွန်၊ ကျောင်းကျွန်၊ မြေကျွန်၊ ယာကျွန်တို့ ရှိခဲ့သည် မှန်၏ ။ သို့ သော် ကျနော်တို့ သမိုင်းကိုလေ့လာလျှင် ဝိသေသ တို့ ကို ယေဘုယျဟု မသတ်မှတ်နိုင်ရာ။ ဝိသေသလက္ခဏာ မှန်သမျှသည် ယေဘုယျတို့ ၏ ချွင်းချက်များသာဖြစ်သည်။ ထို့ ကြောင့် ဗိုလ်ချုပ်သည် ချွင်းချက်တို့ ရှိကြောင်း ဖော်ပြခဲ့သော်လည်း ယေဘုယျ အားဖြင့်ကား ထိုခေတ်က မြေရှင်ကြီးစနစ် မပေါ်ပေါက်ခဲ့ကြောင်းကို ဆိုခဲ့ပေသည်။ ထိုမှ တဆင့်တက်၍ သုံးသပ်ကြည့်ရာတွင် ထိုခေတ်က အနောက်နိုင်ငံ၌ ထွန်းကားသော ကုန်သည်ကြီး စနစ်ပင်လျှင် မပေါ်ပေါက်သေးသည်ကို အထောက်အထားဖြင့်ပြဆိုခဲ့သည်။မြန်မာနိုင်ငံသည် စိုက်ပျိုးရေး အဓိက နိုင်ငံဖြစ်၏။ စိုက်ပျိုးရေးနှင့်ယှဉ်သော လက်မှုလုပ်ငန်းတို့ ထွန်းကားခဲ့၏ ။ စက်မှုဟူ၍ကားမရှိသေး။ ထို့ ပြင် စိုက်ပျိုးရေးနှင့် လက်မှုလုပ်ငန်းတို့ တွင် ယခုခေတ် သမဝါယမ စနစ်မျိုး၏ ရှေ့ ပြေးဖြစ်သော ပူးပေါင်းဆောင်ရွက်မှုသည် ဖြစ်ထွန်းခဲ့၏။ ဗိုလ်ချုပ်သည် မြန်မာ့ စိုက်ပျိုးလုပ်ငန်း၊ အထည်အလိပ်ရက်လုပ်ခြင်းလုပ်ငန်း၊ လက်မှုပညာလုပ်ငန်း စသည်တို့ ၌ လုပ်သားအပေါင်းတို့  အစုဖွဲ့ ၍စုပေါင်းလုပ်ကိုင်သော သဘာဝကို ကောင်းစွာ ဆင်ခြင်မိလေသည်။
ရှေးမြန်မာမင်းတို့ ၏ ခေတ်၌ လမ်းပန်းဆက်သွယ်ရေးမှာ လှေခေတ်၊ လှည်းခေတ် ဆက်သွယ်ရေးဖြစ်သည်။ ထို့ ကြောင့် မြန်မာမင်းအုပ်ချုပ်ရေးကို ဆန်းစစ်ကြည့်ပါက ဘုရင်မင်းမြတ်က ဗဟိုမှနေ၍ ချုပ်ကိုင်အုပ်စိုးခြင်းမှာ များစွာလွယ်ကူလှသည် မဟုတ်ချေ။ထို့ ကြောင့် ဗဟိုအာဏာတို့ ကို ရွာစား၊မြို့ စားတို့ အား ခန့် ခွဲ ပေးရသော သဘောရှိသည်။ ဤသဘောမှာ ဗဟိုမှ ချုပ်ကိုင်ခြင်း လျှော့ရဲ သည်ကိုပြသည်။ အုပ်ချုပ်ရေး၌ပင်လျှင် ထိုကဲ့သို့ ဖြစ်နေလေသော်စီးပွါးရေးအားဖြင့် ဗဟိုမှနေ၍ ချုပ်ကိုင်ချယ်လှယ်ဘို့ ရာ ခဲယဉ်းပေသည်။ ဤအကြောင်းကိုထောက်ရှု၍၄င်း၊ အထက်၌ပြဆိုသော သမဝါယမဆန်သော သဘောကိုထောက်ရှု၍၄င်း၊ ဗိုလ်ချုပ်က ထိုခေတ်ထိုအခါ၌ယနေ့ ကျွန်ုပ်တို့  မြင်တွေ့ နေရသော ကုန်သည်ကြီးလူတန်းစား မထွန်းကားသေးဟု ဆိုခဲ့သည်။ ဤအယူအဆကို ယုတ္တိမရှိဟု မဆိုနိုင်ချေ။ မြန်မာ့သမိုင်းတစ်ရပ်လုံးကို ပြန်ကြည့်လျှင် ပုဂံခေတ်မှ စ၍ကုန်းဘောင်ခေတ်သို့ တိုင်အောင် ကျနော်တို့ ၏သမိုင်း ဆိုသည်မှာ စိုးမိုးသူ မင်းတို့ ၏အကြောင်းမျှသာဖြစ်သည်။ ယင်းအကြောင်းကြောင့်လည်း ရာဇဝင်ဟု ခေါ်ကြခြင်းဖြစ်သည်။ မြန်မာ့ရာဇဝင်ထဲ၌ မြေရှင်ကြီးများ၊ ကုန်သည်ကြီးများ အဆက်ဆက် သြဇာ လွှမ်းမိုးခဲ့သည်ဟုမရှိချေ။
ဥရောပသမိုင်းကို ကြည့်လျှင် အလယ်ခေတ်ကုန်၍ စက်မှုလက်မှု တော်လှန်ရေးခေတ်သို့  ရောက်လာသောအခါ မြေရှင်ကြီး လူတန်းစား နှင့် ကုန်သည်ကြီး လူတန်းစားတို့ သည် အရင်းရှင်များအဖြစ်ဖြင့် လူတန်းစားခြင်းပူးပေါင်းလာကြပြီးလျှင် ထိုအရင်းရှင်တို့ သည် မိဘမျိုးနွယ်ကိုလိုက်၍ ကုမ္ပဏီဟုခေါ်သော အရင်းရှင် အသင်းအစုများ တည်ထောင်လာခဲ့ကြရာ ယနေ့ တိုင်အောင်ပင်လျှင် ထိုအရင်းရှင်အစု တို့ သည် ခိုင်မာသောအဆောက်အအုံ အဖြစ်ဖြင့် တည်မြဲလျှက်ရှိနေလေသည်။ ထို့ ကြောင့်ပင်လျှင်အဆိုပါ ကုမ္ပဏီကြီးများသည် ယနေ့ အဖို့ ၌ နှစ် ၁ဝဝ ပြည့် အခမ်းအနား နှစ် ၂ဝဝ ပြည့် အခမ်းအနား နှစ် ၃ဝဝ ပြည့်အခမ်းအနား စသည်ဖြင့် ကျင်းပနေကြခြင်းဖြစ်၏။ မြန်မာ့သမိုင်းတွင် ယင်းကဲ့သို့  ကုန်သည်ကြီးလူတန်းစားတို့ က သားစဉ်မြေးဆက် ရာပေါင်း ငါးဆယ်၊ တစ်ရာ အထိ အခြေခံခိုင်မြဲခဲ့သည်ဟု မရှိချေ။ ရာဇဝန်တွင် တစ်ခါတစ်ရံ မည်သူမည်ဝါသည် ဘောဂဗလ သူဌေးဘွဲ့ ကို ရရှိခဲ့သည်ဟု ကျနော်တို့ ဖတ်ရှုခဲ့ရ၏ ။ သို့ သော် ထိုဘောဂဗလ သူဌေးကြီး၏ သားစဉ်မြေးဆက်တို့ သည် နှစ်ပေါင်း ငါးဆယ်၊ တစ်ရာ အထိ သူဌေး အဖွဲ့ အစည်း မပျက် တည်ရှိခဲ့သည်ဟု မတွေရလေ။ ယင်းကဲ့သို့ မြန်မာ့လူ့ ဘောင်လောကထဲ၌ ကုန်သည်ကြီးလူတန်းစား မရှိခဲ့ရသည့် အကြောင်းကို ဗိုလ်ချုပ်အောင်ဆန်း စဉ်းစားရာတွင် လူတန်းစား တစ်ဦးကတစ်ဦးကို စီးပွါးရေးအားဖြင့် ချယ်လှယ်သော သဘာဝသည် မြန်မာ့လူ့ ဘောင်အဖွဲ့ ၌ မရှိခဲ့ခြင်း၊ ဘုန်းကြီးကျောင်း ပညာရေးစနစ်ကြောင့် မြန်မာအများမှာ စာပေကျမ်းဂန် ၌ တတ်ကျွမ်း၍ သဘောထား ပြည့်ဝခြင်း၊ မြန်မာအမျိုးသမီးတို့ ၏စီးပွါးရေး၊ လူမှုရေးသည် အမျိုးသားတို့ နှင့်အတူညီတူညီမျှ ရှိ၍ လွတ်လပ်ခြင်း၊ ပြည်တွင်းဖူလုံမှုနှင့် အချင်းချင်းပူးပေါင်း ဆောင်ရွက်မှု သမဝါယမ သဘောတို့  ထွန်းကားခြင်း၊ စသည်တို့ ကို အခြေပြု၍စဉ်းစားသည်။
တစ်နေရာတွင် ဗိုလ်ချုပ်အောင်ဆန်းက ဗုဒ္ဓ သာသနာ၏ကျေးဇူးကြောင့် လူတို့ မှာ လူလျှင်လူချင်း ဗြဟ္မစိုရ် တရား လက်ကိုင်ထားကြပုံကိုသိဒ္ဓိ တင်၍ပြောဆိုသွားသည်။ ဗိုလ်ချုပ်သည် မြန်မာရှေးဦးလူမှု အဆောက်အအုံကို အလွန်တရာမှ ကည်နူးဖွယ်ကောင်းသော ဗဒေသရာဇ် စီးပွါးရေးစနစ် ဖြစ်သည် ဟူ၍ပင်လျှင် ဖွဲ့ ဆိုခဲ့လေသည်။ပဒေသရာဇ်၊ ဧကရာဇ် စသည်ဖြင့် ကျွန်ုပ်တို့  ပြောဆိုနေကြရသည့်တိုင်အောင် ရှေးမြန်မာမင်းတို့ ၏ ခေတ်၌ ဥရောပတိုက် အသုံးအနှုန်း ဖြစ်သော အရစ္စတိုကရေစီ ပင်လျှင် မထွန်းကားခဲ့ချေ။ မြန်မာမင်းတို့ လက်ထက်တွင် ကာယဗလ၊ ဥာဏဗလ၊ စာရိတ္တဗလ နှင့်ပြည့်စုံသူတို့ သည် မည်မျှ ဆင်းရဲ သော အရပ်သားပင် ဖြစ်စေ၊ မင်းစိုးရာဇာ အသိုက်အဝန်းထဲသို့  အရည်အချင်းအလိုက်ရောက်ရှိလာနိုင်ကြသည်။ တိုင်းပြည်တာဝန်ကို သူရသတ္တိရှိသူ မည်သူမဆို ထမ်းဆောင်နိုင်ခွင့် ရှိသည်။ ထို့ ကြောင့် အရပ်သားနှင့် မှူးမတ်မျိုးရိုးဟူ၍ ဥရောပတိုက်မှာကဲ့သို့  ကတ္တားခြားခြင်းမရှိချေ။
အရစ္စတိုကရေစီ ဟူသော လူတန်းစားဟူ၍ သတ်သတ်မရှိ၊ အနောက်နိုင်ငံအခေါ်အားဖြင့် (Commoner) ဟုခေါ်သော အရပ်သားသည်ပင်လျှင် ဝန်စင်းမင်းရာဇာ တို့ ကဲ့သို့ မှူးကြီး မတ်ကြီး ဖြစ်လာနိုင်သည်။ မြန်မာမင်းလက်ထက်တွင် ရာထူး ဌာန န္တရ ဂုဏ်သိရ် အလိုက် မင်းညီ မင်းသား၊ မှူးမတ်၊ သေနာပတိ စသည်တို့ ကို အဆောင်အယောင် အခမ်းအနားအားဖြင့် အုပ်ချုပ်ရေး သဘာဝအရ ခွဲ ခြားထားရသည်မှန်ပေသည်။ သို့ သော် ဗိုလ်ချုပ်၏ ဆိုလိုရင် အဓိပ္ပါယ်မှာ ဥရောပတိုက်မှာကဲ့သို့  အရစ္စတိုကရေစီဟူသော လူတန်းစားမျိုး မြန်မာ့လူနေမှု စနစ်၌ မရှိခဲ့သည်ကို ဆိုလိုပေသည်။ အထက်ပါတို့ ကို ဆင်ခြင်လျှင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာမင်းတို့ ၏ ခေတ်ဟောင်း အတိတ်ကို တမ်းတမျှော်မှန်းသည်ဟု ဆိုဖွယ်ရာရှိသည်။ မျိုးချစ်စိတ်ပြင်းထန်သော ပုဂ္ဂိုလ်တို့ ၏ သဘာဝအတိုင်း အတိတ် သမိုင်းကို ဗိုလ်ချုပ်သည် လွမ်းကောင်း လွမ်းမိပေမည်။ သို့ သော် ထိုအတိပ်ကို တမ်းတကာ အတိပ်ဘဝကို ပြန်ရောက်အောင် မျှော်မှန်းခြင်းကား မပြုခဲ့ချေ။ ဗိုလ်ချုပ်က ယခုလို အတိတ်ကို ပြန်ပြောင်းကြည့်ရှု သုံးသပ်၍ တင်ပြသည်မှာ အလွန်တရာမှ ကြည်နူးစရာ ကောင်းသော မြန်မာလူနေမှု စနစ်ကြီးတစ်ရပ်ကို ဗြတိသျှတို့  ဖျက်ဆီးပစ်လိုက်ကြောင်းထင်ရှားစေလို ၍ ပြောခြင်းမျှသာဖြစ်၏ ။
ဗြတိသျှတို့  ၁၈၂၅ - ၂၆ ခုနှစ်ကစ၍ မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်သောအခါ ဗြတိသျှ နယ်ချဲ့ အရင်းရှင်ဝါဒ သည် မြန်မာနိုင်ငံကို လွှမ်းမိုးလာသည်။ ထို့ ကြောင့် မြေရှင်ကလေး စနစ်၊ မြေရှင်ကြီးစနစ်၊ နိုင်ငံခြားသား မြေရှင်ကြီးစနစ် စသည်တို့ အဆင့်ဆင့် ပွါးသထက် ပွါးလာခဲ့သည်။ ကုန်သည်စိတ်မရှိသော (ဝါ) ခေါင်းပုံဖြတ် ခြင်း၌ ဝါသနာမရှိသော မြန်မာတို့ မှာ ကုန်သည်ကလေး၊ ကုန်သည်ကြီး၊ အရင်းရှင် စသည်ဖြင့် တဆင့်ပြီးတဆင့် ဖေါက်ပြားလာကြသည်။ သို့ နှင့်ပင် အရင်းရှင်တို့ ၏ ခေါင်းပုံဖြတ် အမြတ်ကြီးစားဓလေ့တို့ သည် မြန်မာ့လူ့ ဘောင်ကို ဖျက်စီးလိုက်လေသည်။ မူလက အရစ္စတိုကရေစီ လူတန်းစားတို့  မရှိခဲ့ခြင်းကြောင့် ဗြတိသျှတို့ သည် ၄င်းတို့ လက်လှမ်းမှီရာတို့ ကို သိမ်းသွင်း၍ ၄င်းတို့ သြဇာခံ ဗျူရိုကရေစီ လူတန်းစားကို ဖန်ဆင်းပေးခဲ့သည်။ အချုပ်မှာ ဗြိတိသျှ တို့ သည် ၄င်းတို့ အုပ်ချုပ်လာသော နှစ်ပေါင်း ၁၂၃ နှစ်ခန့် အတွင်းဝယ်ဗိုလ်ချုပ်စိတ်ထဲ၌ အလွန်ကြည်နူးလျှက်ရှိသော မြန်မာ့လူ့ ဘောင်ကြီးတစ်ရပ်လုံးကို ဖျက်စီးပစ်ခဲ့သည်ဟု ဆိုလိုပေသည်။ ဤသို့  မြန်မာ့လောကကြီး တစ်ခုလုံးကို အရင်းရှင် နယ်ချဲ့ တို့ ကဖျက်ဆီးခဲ့ခြင်းကြောင့် ကျနော်တို့ မြန်မာတိုင်းရင်းသား အားလုံးက တော်လှန်ရန် ဗိုလ်ချုပ်သည် ကျွန်ုပ်တို့ အား စုစည်းပေးခဲ့ လေသည်။ မြန်မာ့လွတ်လပ်ရေးရလျှင် နယ်ချဲ့ ၏ အဖျက်အဆီးကိုပြည်ထောင်စု အပြုသဘောဖြင့် မည်ကဲ့သို့ ခေတ်သစ်တစ်ခု ထူထောင်မည် ဟူသည်ကို ဗိုလ်ချုပ်သည် ဖဆပလ ပထမ ကွန်ဂရက် မိန့် ခွန်းတွင် အကြမ်းလောင်းပေးခဲ့သည်။
ထို့ နောက် တစ်စတစ်စ ဖြင့် မြန်မာ့လူ့ ဘောင် အဖွဲ့ အစည်းကို ပြန်လည် ထူထောင်ရန် အလို့ ငှာ စီမံကိန်းအရပ်ရပ်တို့ ကို ချမှတ်ပေးခဲ့ လေသည်။ ယင်းသို့  စီမံကိန်းချမှတ်သည့်အခါရှေးမြန်မာတို့ ၏ လူလျှင် လူချင်း အဆင့်အတန်းမခွဲခြားသော သဘာဝ၊ ခြယ်လှယ်ခေါင်းပုံဖြတ်ခြင်း ကင်းသော သဘာဝ၊ အချင်းချင်း စုပေါင်း ဆောင်ရွက်တတ်သော သဘာဝ လူ့ လောကကိဲုဗြဟ္မစိုရ် တရားဖြင့် သုံးသပ်တတ်သော သဘာဝ စသည့် မြန်မာ့သဘာဝတို့ ကို ဖွင့်ဖြိုးတိုးတက်အောင် စည်းရုံးရေးဖြင့် ဆောင်ရွက်သွားရန် အမြဲတမ်း အကြံပြု ခဲ့လေသည်။ ဗိုလ်ချုပ်၏အာသီသ သည် အတိတ်မှ အနှစ်သာရရှိသော ကောင်းမြတ်သည့်တရားတို့ ကိုထုတ်ဖော်၍ တိုင်းပြည်အတွက် အသုံးချလိုသောအာသီသ ဖြစ်သည်။ မြန်မာ့ဇစ်မြစ် ကိုအခြေတည်၍ တိုင်းသစ်ပြည်သစ်လူမျိုးသစ်ကို ထူထောင်သွားလိုသော အာသီသဖြစ်သည်။ ဂျပန်သည် ၁၉၄၅ ခုနှစ် သြဂုတ်လ အလယ်တွင် လက်နက်ချသည်။ မျိုးချစ်မြန်မာ့တပ်မတော်၏ တော်လှန်ရေးလုပ်ငန်းလည်းဂျပန်လက်နက်ချသည်နှင့် ပြီးဆုံးလေသည်။ ဤတွင် အရင်းရှင်နယ်ချဲ့ တော်လှန်ရေးလုပ်ငန်းလည်း စခန်းထရလေတော့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ထိုကာလမှစ၍ ကွယ်လွန်သော ၁၉၄၇ ခုနှစ်ဇူလိုင်လ ၁၉ ရက်နေ့ ထိ ထိုလုပ်ငန်းကို တစ်စူးတစ်စိုက် ဆောက်ရွက်ခဲ့ရာ ထိုကာလအတွင်း သူဟောပြောသမျှသော စကားတို့ မှာ အထက်၌ ပြဆိုခဲ့သော လောက အမြင်ကို အခြေတည်ကာဗြတိသျှ အရင်းရှင် နယ်ချဲ့ တို့  ဖျက်ဆီးခြေမှုန်းခဲ့သော မြန်မာ့လူ့ ဘောင် နေရာတွင် ခေတ်နှင့်အညီတိုးတက်သော မြန်မာ့လူ့ ဘောင်သစ်တည်ဆောက်ရန် လမ်းစဉ်ချပေးခဲ့သော စကားတို့ သာဖြစ်သည်။
ယနေ့ အဖို့  ခေတ်ပြောင်းတော်လှန်ရေးကြီး တစ်ရပ်ကို ဆောင်ရွက်လျှက်ရှိကြသည် ဟူသည်မှာ ဗိုလ်ချုပ်၏လောက အမြင်ကို လေ့လာသုံးသပ်၍ ဖွံ့ ဖြိုး သည်ထက် ဖွံ့ ဖြိုးအောင် ဝိပသနာ ရှုကြပြီးလျှင်ဗိုလ်ချုပ် ညွှန်ပြခဲ့သော လမ်းစဉ်ကို ကာယကံမြောက် တည်ထွင် ဖောက်လုပ်သော သဘောဖြစ်သည်။ ခေတ်အလျှောက် တိုးတက်သော အတွေးအခေါ် အမြှော်အမြင်တို့ ကို ကျွန်ုပ်တို့ လက်ခံကျင့်သုံးကြသည်။ သို့ သော် ကျွန်ုပ်တို့ ၏ မျိုးရိုး ဇာတိ ကိုမူ ပယ်ဖျက်ကြသည်မဟုတ်ချေ။ အတိတ်ကာလ မြန်မာ့လူ့ ဘောင်သည် သမ္မာ သမဂ္ဂ သဘောထွန်းကားသော လူ့ ဘောင်ဖြစ်သည်။ကျွန်ုပ်တို့ မှာ ပဒေသရာဇ် ခေတ်ထဲတွင် အများနည်းတူ ကျရောက်ခဲ့ကြစေကာမူ ကျွန်ုပ်တို့ ၏ အခြေမှာ ဗိုလ်ချုပ်ပြောသလို အသိတရားနှင့် ပြည့်ဝသော အခြေဖြစ်သည်။
ဤအခြေကြောင့်သမ္မာ သမဂ္ဂ တရားများ ထွန်းကားခဲ့ ခြင်းဖြစ်၏ ။ သမ္မာ သမဂ္ဂ ဟူသည်မှာလည်း ယခုခေတ် ဆိုရှယ်လစ်လူ့ ဘောင် စနစ်၏ရှေ့ ပြေးပင်ဖြစ်လေတော့သည်။ဤတရားတို့ ကိုအရင်းရှင် နယ်ချဲ့ စနစ်ကသာ မဖျက်ဆီးခဲ့ပါမူ ကျွန်ုပ်တို့  အလိုအလျှောက်ကျွန်ုပ်တို့၏ နည်းဖြင့်ဆိုရှယ်လစ်လူ့ဘောင်သစ်ကို ထူထောင်ပြီးသားဖြစ်ခဲ့ကြပေလိမ့်မည်။ သို့ သော် သမိုင်းက ကံမကောင်းခြင်းကြောင့်ကျွန်ုပ်တို့ မှာ သူတပါးထက် နှစ်ပေါင်းများစွာ နောက်ကျလျှက်ရှိနေသည်။ တော်လှန်ရေးလုပ်ငန်းကြီးကို လုပ်ဆောင်နေကြသော တက်လူမှန်သမျှသည် မိမိတို့ ကိုယ်တိုင်က အသင့်အတင့် နှလုံးသွင်း၍မိမိတို့ နှင့် နီးစပ်သူ အားလုံးလည်း အသင့်အတင့်နှလုံးသွင်းနိုင်လေအောင် ဆောက်ရွက်ကြရန်တာဝန်ရှိသည်။ ထိုတာဝန်ရှိသူတို့ သည် ဗိုလ်ချုပ်အောင်ဆန်းကို စံပြု၍ လောကအမြင်ရင့်ကျက်အောင် လေ့လာနိုင်ကြပါစေ ဟူသော ရည်ရွယ်ချက်ဖြင့် ဤဆောင်းပါးကို တင်ပြလိုက်ရပါသည်။
( မောင်ထင်ရေးသည်။ ၁၉၆၅ခုနှစ်၊ ဂျူလိုင်လ၊ မြဝတီ မဂ္ဂဇင်း၊ အတွဲ (၁၃)၊ အပိုင်း (၉))

No comments:

Post a Comment