မျိုးချစ်စစ်သည်

ပညာမဲ့သော ထိုသူသည်- ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုပဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ရောက်ရ၏။

ခုကတော့ ...

User Online

လာလည်သူပေါင်း

Cabo Yachts

Friday, April 2, 2010

စည်းစနစ်တကျဖြင့် လွဲနေသောအလွဲများ

ဗဟိုမီးသတ် မှ ညွှန်ကြားမှုဖြင့် ကော့ကရိတ်မြို့နယ် ရှိမီးသတ်ဦးစီးမှဖွင့်လှစ်သောအခြေခံမီးသတ်သင်တန်း
တွင်စစ်ဖက်ဆိုင်ရာသင်တန်းအနေဖြင့် လက်နက်ငယ်အခြေခံသင်တန်းအား တွဲဖက်သင်ကြားရန်မိမိတို့ ကော့ကရိတ်တပ် နယ် သို့ကြေးနန်းဝင်လာပါသည်။ သို့နှင့် လက်နက်ငယ်ဆိုင်ရာ သင်ကြားပို့ချရန် တပ်နယ်တွင်းရှိတပ်အသီးသီးတို့ မှ သင်ကြားပြသပေးနိုင်မည့် ဆရာ၊ ဆရာကြီးများစိစစ်ရွေးချယ်ပေးရန် မိမိတို့ တပ်မှတစ်ဆင့် လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ညွှန်ကြားပြီး သက်ဆိုင်ရာ ဌာနများသို့လည်း အဆင့်ဆင့် စာပို့ထားပြီးဖြစ်လေသည်။ ဤသို့ဖြင့် မိမိတို့ တပ်နယ်မှ တာဝန်ယူသင်ကြားပေးရန်အလှည့်ကျရောက်သောအခါ.........ညနေပိုင်း လုပ်ငန်းပြီး၍မိမိတို့အရာရှိရိပ်သာ ၌အပန်းဖြေနေကြစဉ်.....တပ်ရင်းမှုး၏အကူရဲဘော်မှ “ ဗိုလ်ကြီး ရဲထက် ၊ အဘက ဗိုလ်ကြီးကိုခေါ်နေတယ်” ဟုဆိုလာသဖြင့် “ အေးအေး ” ဟုသာဆိုနိုင်ပြီး ထသွားတော့ နောက်မှ သြဘာသံများက “ အင်း ရဲထက်တော့ ကံစမ်းမဲ ပေါက်သွားပြီ ”ဟူသတည်း။
သို့နှင့် တပ်ရင်းမှုးနှင့်တွေ့တော့ အလေးပြုပြီး “ ဟုတ်ကဲ့ ၊ အဘခေါ်တယ်ဆိုလို့ ” ဆိုပြီးဝင်သွားတော့ တပ်ရင်းမှုးမှ တည်ငြိမ်စွာဖြင့် “အေး ကိစ္စတော့ ထွေထွေထူးထူး ရယ်မဟုတ်ပါဘူး၊ မင်းက သင်တန်းကပြန်လာတာ မကြာသေးတော့ လက်နက်ငယ်ကောင်းကောင်းရဦးမယ်ထင်တယ်” ဆိုလာတော့ ခုရှုပ်မှနောင်ရှင်းမလား ဒါနဲ့ “ ဟုတ် ကဲ့၊ လက်နက်က ရန်သူ့လက်နက်လား၊ မိမိလက်နက်လားအဘ၊ ရန်သူ့လက်နက်က ကျောင်းမှာကတည်းကသင်ခဲ့တာ ဆိုတော့ နည်းနည်းတော့မေ့ချင်သလိုလိုပဲ အဘ၊ ဒါပေမယ့် တပ်မှာရှိတဲ့ ရန်သူ့လက်နက်ဆိုရင်တော့ ရပါတယ်ခင်ဗျ” ဆို ပြီး သေချာအောင်မေးကြည့်တော့ တပ်ရင်းမှုးမှ ကျေနပ်သောအကြည့်ဖြင့် “ မိမိလက်နက်ပါကွာ၊ MA-13 ပြည်သူ့စစ်အ တွက်ထားတဲ့ဟာ၊ ဒါကကိစ္စ မရှိပါဘူး ဘာလို့လဲဆိုတော့ သင်ဖို့က ၉၇၊ ၂၃၀ နဲ့၂၃၁ က ဆရာကြီးတစ်ယောက်ဆီ လာ လိမ့်မယ်။ မင်းက ကြီးကြပ်ဖို့နဲ့ ၉၇ ကနေ တပ်နယ် အနေနဲ့ လက်နက်ထုတ်ဖို့ ၊ ပြီးရင် ရဲစခန်းက ဒုရဲအုပ်တစ်ယောက် ကလာလွှဲယူလိမ့်မယ်..........စသဖြင့် လုပ်ရမည့် လုပ်ငန်းအဆင့်ဆင့် ကိုမှာကြားပြီးနောက်..အဲဒီအတွက်လိုအပ်တဲ့ စာရွက်စာတမ်းတွေကို တပ်ကြပ်ကြီး(စာရေး) .......... ကအဆင်သင့်လုပ်ပေးထားလိမ့်မယ်၊ မနက် ၆ နာရီဒီက ထွက်နိုင် အောင်လုပ်ပါ၊ ဘာသတင်းပို့ စရာရှိလည်း”ဟုမဆုံးနိုင်သော မိန့်ခွန်းကြီးအဆုံးမှာတော့ “ ခပ်သွက်သွက်ပင် ဟုတ်ကဲ့ မရှိပါဘူးအဘ” ဆိုတော့ “ အေးအေး မရှိရင်လည်းသွားနားတော့” ဆိုသဖြင့် ပြန်လာအပြီးမှာတော့ .......ပုံမှန်အတိုင်းပဲ တညနေကုန်ဆုံးခဲ့ရပါတယ်။
နောက်နေ့နံနက် မှာတော့ တပ်မတော်ရဲ့ တစ်နေ့တာအလွဲများကဖြင့် စပါတော့တယ်...။“ ဆရာကြီး.........
ကျနော့်အတွက် ကိုယ်စားလှယ်လွှဲစာနဲ့ တပ်နယ်အမိန့် တွေကော” ဆိုမှ ပြာပြာသလဲနှင့် “ ဟာဗိုလ်ကြီးရယ် မနေ့က နဲ နဲများသွားလို့ မေ့သွားတယ် ခဏစောင့် ဗိုလ်ကြီး” ဆိုပြီး ၁၀ မိနစ်ခန့် အကြာမှာတော့ စာရွက်စာတမ်းစုံစုံလင်လင် နဲ့ ပြန်ထွက်လာပါတယ်။ “အင်းဒါတောင် ကိုယ့်တပ်က၊ မနေ့ကမှ တပ်ရင်းမှုးက သေချာမှာထားတာ ဒီလိုဖြစ်တာကိုတာ တပ်ရင်းမှုးသိရင်ဖြင့် .........” ဆိုပြီးတွေးကာ ပြုံးမိပါသေးသည်။
တပ်ရင်းမှုးကသာအရေးထားပြီး သေချာမှာနေတာ ဟိုရောက်တော့ဖြင့် ဘယ်သူမှမရှိသေး ၊ သရဲချောက်မှာ ကြောက်နေရပေသည်။သို့နှင့် ၀၇၃၀ နာရီခန့်တွင် ၉၇ မှ တပ်ရေးဗိုလ်ကြီးရောက်လာပြီး လက်နက်လွှဲပြောင်း လက်ခံ ကိစ္စ များပြုလုပ်ပြီးသော်လည်း ကိုရွှေချော ဒုရဲအုပ်ကပေါ်မလာသေးပေ။ ၉၇ မှ သင်တန်းပြမည့် ဆရာကြီး ကတော့ သွားရန်အတွက် မိမိအမိန့်ကိုစောင့်နေပုံရသည်။ သို့နှင့် ကျနော်မှ “ ဆရာကြီးရေ ရဲစခန်းသွားလိုက်ဦးမယ် လက်နက် တွေက ရဲကိုထပ်လွှဲရမှာ ရဲကခုထိပေါ်မလာသေးဘူး” ဟုဆိုပြီး ရဲစခန်းရောက်တော့ “ ဆရာရေ တပ်နယ်က လက်နက် လွှဲပြောင်းလက်ခံမယ့် ဒုရဲအုပ်ဘယ်မှာလဲ ခေါ်ပေးပါဦး ” ဆိုတော့မှ ဟုတ်ကဲ့ဗိုလ်ကြီး တဲ့။အင်း ဒါတောင်စာထွက်ထားလို့ စာများမထွက်ထားရင်တော့ဆိုပြီး ရင်လေးလေးနဲ့ သက်ပြင်းချမိပါတယ်။
ဒီလိုနဲ့ ဒုရဲအုပ်လေးရောက်လာတော့ ၀၈၃၀ ကျော်နေပြီ။ ဒါတောင် ၂၃၀ နဲ့ ၂၃၁ က သင်တန်းပြမယ့် ဆရာ တွေမရောက်သေးတာနဲ့ အင်းတစ်ခုခုတော့ တစ်ခုခုပဲ ဆိုပြီး ကျနော့် တပ်ရင်းမှုးဆီ ဖုန်းနဲ့လှမ်း သတင်းပို့တော့ အေး ရအောင်ခေါ်ဆိုတော့ ဖုန်းဆက်တယ်။ ဆက်သွယ်ရေးလိုင်းက အရမ်းကောင်းတာ ဒါတောင်ဖိုင်ဘာအော့ပတစ်သုံးတာ တပ်၂တပ်လုံးခေါ်လို့မရဘူး။စစ်တပ်သိတယ်မလား ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာပဲလိုချင်တယ်ဆိုတာက ရှိထား တော့ ကဲမနိုင်နိုင်ရာမဲရတာပေါ့ “ ဦးစီးကျနော်နဲ့ တစ်ယောက်လိုက်ခဲ့ပါ” ဆိုပြီး၂၃၁ ကိုသွား တပ်ရေးဗိုလ်ကြီး နဲ့သွားတွေ့တော့ ဘကြီးသားကမရှိဘူး။ ဒါနဲ့ တပ်ထောက်ဗိုလ်ကြီးနဲ့တွေ့ အကျိုးအကြောင်း ပြောပြတော့မှ အကျိုးကိုနဲရော။ ကြည့်ဦးလေ ရုံးပိုင်းနေရပြီး တပ်နယ်ကတရားဝင်ကြေးနန်းထွက်ထားတာတောင် “ ကျ နော်မသိဘူး၊ ကျနော်ကြည့်ပေးပါ့မယ်”ဆိုပြီးတော့ မှ ဟိုလှန်ဒီလှန်လုပ်နေလေရဲ့ ။ပြီးတော့မှ “ ဟာတာဝန်ချထားတဲ့ တစ်ယောက်က နွားကျောင်းတာဝန်ပေးထားတယ်၊ တခြားတစ်ယောက်လဲပေးမယ်လေ ရမလား” တဲ့။ကျနော်လည်း မှင်လေးနဲ့ “ အင်းရပါတယ် ဒါပေမယ့် လက်နက်ငယ်ကိုတကယ် တတ်ကျွမ်းတဲ့လူမျိုးတော့လုပ်ပေး၊ ကျနော်မစောင့်တော့ဘူး နောက်၁၅ မိနစ်အတွင်းရောက်အောင်စီိစဉ်ပေးပါ”ဆိုပြီး ၂၃၀ ကိုဆက်ထွက် စောစောကအတိုင်းပေါ့ ဒါပေမယ့် ဌာနချုပ် တပ်ခွဲမှုးပဲ ရှိနေတယ်။ဒါနဲ့ အလေးပြု ပြီး သတင်းပို့တော့ “ ဟုတ်လား အေးအေး အကိုလုပ်ပေးမယ်” ဆိုပြီး ကင်းရုံ ကိုလှမ်းခေါ် ပြီးမေးတယ်။ ဒီတော့ မှ လက်နက်တိုက်တာဝန်ခံက “ ဟုတ်ကျနော်ပဲ ၊ တပ်ရေးဗိုလ်ကြီးက ဘာမှ သေချာမမှာထားလို့ ကျနော်က နောက်နေ့မှထင်လို့”တဲ့လေ ။ ကောင်းကြသေးရဲ့လား ဒီကတော့ ရဲစခန်းသွားပြီး အချိန် မလေးစားဘူးတို့ သေချာမစီစဉ်ဘူးတို့ သွားဟောက်နေတာ ကိုယ့်တပ်ကျတော့ကောဘာထူးလဲ ။ ဒီလိုနဲ့ တစ်နေ့စာအလွဲတွေ ပြီးသွားမလားထင်တယ်။ မထင်လိုက်ပါနဲ့ ခုမှစတာပါ။ သင်တန်းညနေပိုင်းကျတော့ ထိုင်ငိုချင်စိတ် ပေါက်တယ်။ကြည့်ဦးလေ အယောက် ၆၀ ဆိုတဲ့ သင်တန်းသားက မနက်စတော့ ၃၅ ယောက် ဟောညနေကျတော့မှ ၁၄ ယောက်တဲ့ ။ဒီတော့ မီးသတ်ဦးစီးကို ခေါ်ရတာပေါ့ ဒါကဘယ်လိုဖြစ်တာလဲ ခင်ဗျားသေချာ မညွှန်ကြားဘူးလား။ ဒါခလေး ကစားနေတာမဟုတ်ဘူး ဘာဘူး ညာဘူးစသဖြင့်ပေါ့။ အဲဒီတော့ မီးသတ်ဦးစီးမှုးက “ ဗိုလ်ကြီးရယ် တမျိုးမမြင်ပါနဲ့ ဗိုလ်ကြီးလည်းသိတဲ့အတိုင်းပဲ ဒီကလေးတွေက စိတ်ပါလွန်းလို့ တက်ကြတာမှမဟုတ်တာ သင်တန်းဖွင့်မယ် လူအင်အားအနည်းဆုံးဘယ်လောက်ရအောင်လုပ်ဆိုတဲ့အပေါ်မှာ တစ်ရပ်ကွက်ကိုဘယ်နှယောက်ဆိုပြီး ရပ်ကွက်က ၁၅၀၀ကျပ် မီးသတ်ဦးစီးဌာနက ၅၀၀ကျပ် နဲ့ ထောက်ပံ့ကြေးပေးပြီး မရမကခေါ်ထားရတာပါ ပြီးတော့ဒီကလေးတွေက အဆင်ပြေကြတဲ့သူတွေလည်းမဟုတ်ဘူး ဆိုက်ကားသမား၊ ကျပန်းအလုပ်လုပ်ပြီးအသက်မွေးနေကြရတဲ့သူတွေပါ သူတို့မှာလည်း ဒီ၂၀၀၀ကျပ်နဲ့ သူတို့မိသားစုဘယ်လိုစားလောက်မှာလဲ ဗိုလ်ကြီးနားလည်ပေးပါ” ဆိုပြီးအသနားခံလာတော့လည်း အင်းဟုတ်တာပဲဆိုပြီးစိတ်ပျော့သွားရပါတယ်။ ဒါပေမယ့် တပ်မတော်သားဖြစ်တဲ့အတွက် အမိန့်နဲ့ တာဝန်က အရေးကြီးသည်မဟုတ်ပါလား။ဒီတော့လည်း “ မလိုချင်ဘူး ဒါက နိုင်ငံတော်အကြီးအကဲတွေက ပြည်သူ့စစ်မဟာဗျူဟာအရ လိုအပ်လို့ ခုလိုလုပ်ပေးတာ၊ ပြီးရင်ဒီတိုင်းထားမှာလည်းမဟုတ်ဘူး ခင်များသိတဲ့အတိုင်း စက်ပစ်ကွင်းဝင်ဦးမှာ အဲဒီတော့မှ အကုန်ဒုက္ခရောက်ကုန်မယ် သင်ရတာက ၃ ရက်ထဲ နောက်နေ့ကိုလူစုံအောင်လုပ်ပေးပါ မဟုတ်ရင် တပ်နယ်မှူးဆီ အစီရင်ခံရလိမ့် မယ် ဒီနေ့တော့ထားလိုက်ဟုတ်ပြီလား” ဆိုပြီး မန်ခဲ့ရပါတယ်။ နောက်နေ့မှာတော့ သင်တန်းသားများစုံတုန်းကို ပျက်ကွက်သူများကို ခွဲထုတ်ပြီး အပြစ်ပေးပါတယ်။
သင်တန်းပြီးသွားပြီး နောက်လမ်းမှာသင်တန်းသားတွေနဲ့ဆုံတော့ “ ဗိုလ်ကြီး သင်တန်းမသွားခင် ခုကျနော်ပြောတဲ့ကိစ္စလေးလုပ်ပေးသွားပါလား” တဲ့ ဒါနဲ့“ အင်းဆိုပါဦး ဘာကိစ္စလည်း” ဆိုတော့ “ကျနော်တို့ သင်တန်းသားတွေရမယ့် ထောက်ပံ့ကြေး၂၀၀၀ကျပ်ကို နောက်ဆုံးသင်တန်းရက် ၇ ရက်စာမရသေးဘူးဗိုလ်ကြီး၊ လူ၆၀ စာရင်းမှာ ဗိုလ်ကြီးမြင်တဲ့အတိုင်းပဲ ၃၀ ဆိုတာအများဆုံးလာတာပါ ။ လာတဲ့သူမှထောက်ပံ့ကြေးပေးတာပါ အဲဒီက ၃၀ စာ သင်တန်း ၁လခွဲ ပိုတဲ့ငွေကိုကျနော်တို့ဘယ်လိုမှ သဘောမထားပါဘူး ဒါဦးစီးရဲ့ လုပ်ပိုင်ခွင့်ပဲလေ၊ ဒါပေမယ့်ဗျာ ဒီသင်တန်းလာတက်တဲ့ ကလေးတွေရဲ့ ၇ ရက်စာလေးကိုတော့ ပေးစေချင် တယ် ဗဟိုကထုတ်ပေးတဲ့ အင်္ကျီကိုလည်း ၁၅၀၀ နဲ့ ရောင်းတယ် ဒါလည်းသူ့လုပ်ပိုင်ခွင့်မို့ ကျနော်တို့ဘာမှမပြောဘူး၊ ဒါပေမယ့် ဒီ ၇ ရက်စာမပေးတာတော့ လွန်နေပြီ၊ အဲဒါဗိုလ်ကြီး လုပ်ပေးပါဦး” ဆိုပြီး အကူအညီလာတောင်းပါတယ်။ကျနော်ကလည်း“ အင်းဒါက မီးသတ် ဦးစီးဌာနရဲ့ကိစ္စ ကျနော်ကဘာမှလုပ်ပေးလို့မရဘူး၊ တခုတော့ရှိတယ် လုပ်လို့ရမယ့်နည်းလမ်းတော့ ပြောပြပေးလို့ရပါတယ်။” ဆိုတော့ “လုပ်ပါဗိုလ်ကြီးရယ်” တဲ့ ။ဒါနဲ့ “ ခင်များတို့ ဒါကို မြို့နယ်ရုံးကိုစာတင် ....................................... ” စသဖြင့်လုပ်ရမယ့် နည်းလမ်းလေးပြောပြပေးလိုက်ပါတယ်။ စိတ်ထဲမှာတော့ “ အော် ထောက်ပံ့ကြေးပေးပါ့မယ်ဆိုပြီး သင်တန်းခေါ်တယ် ပြီးတော့ သင်တန်းသားမစုံတော့ လိုတဲ့သင်တန်းသားရဲ့ထောက်ပံ့ကြေးကို သူယူတယ် ဒါ့အပြင်လာတဲ့သင်တန်းသားရဲ့ ထောက်ပံ့ကြေးကြတော့လည်းပြည့်ပြည့်၀၀ မပေးဘူး၊ ထုတ်ပေးတဲ့ အ၀တ်အထည်တွေကိုလည်း ပြန်ရောင်းတယ် ” ကျနော်သာလုပ်ပိုင်ခွင့်ရှိရင် သို့မဟုတ် ကျနော်နဲ့ သက်ဆိုင်ခဲ့ရင် အဲဒီမီးသတ်ဦးစီးကို အရေးယူပါတယ် ။ ခုတော့ အကြံပေးရုံပဲတတ်နိုင် တော့တယ်။
သင်တန်းကာလက ၃ ရက်ဆိုပေမယ့် ကြုံတွေ့ရတာကတော့ တော်တော်များများပါပဲ ။ ဂိတ်ကျနေလို့ ဘိုင်လွတ်သွားမှာစိုးလို့ တာဝန်ချရာနေရာကို မလာချင်တဲ့ ရဲ ၊ သင်တန်းသားထောက်ပံ့ကြေးကို အလွဲသုံးစားလုပ်တဲ့ မီးသတ် ၊ ကြေးနန်းတွေဒီလောက်ဝင်ထားပါ လျက်နဲ့ အလေးမထားပဲ ဖြစ်သလိုလုပ်တဲ့ စစ်တပ် အင်းပြန်စဉ်းစားကြည့်တော့ အားလုံးဟာ စနစ်တကျလေးနဲ့ လွဲနေကြတာပါလား။ ဒီထဲ မှာသားကောင်ဖြစ်ရတာကတော့ စားဝတ်နေရေးအတွက် ရုန်းကန်နေကြရတဲ့အထဲက အစိုးရရဲ့ မူဝါဒအတိုင်း ဖော်ဆောင်ပေးကြတဲ့ မရှိဆင်းရဲတဲ့ ပြည်သူတွေ ၊ မုဆိုးတွေကတော့ အစိုးရရဲ့ မူကိုလည်းဖော် ကိုယ့်အတွက်လည်းကိုက်နေတဲ့ ၀န်ထမ်းတွေ ။ ဒီသင်တန်းနဲ့ ပတ်သက်ပြီး ကျနော်သုံးသပ်တာကတော့
၁ ။ သင်တန်းအတွက် ရပ်ကွက်လိုက်ထောက်ပံ့ပေးတဲ့အတွက် ရပ်ကွက်လိုက်က ပြည်သူတွေအစိုးရရဲ့ ၀န်ကိုထမ်းရတယ်။
၂ ။ လာပြီးသင်တန်းတက်တဲ့အတွက် မိမိ မိသားစုစားဝတ်နေရေးကိုပစ်ထားပြီး အစိုးရရဲ့ မူအပေါ်လိုက်ပါအကောင်အထည်ဖော်ပေးပေမယ့် ဘယ်သူမှ မသိလိုက်ဘူး။
၃ ။ သေချာတာတော့ ရဲ ကအဲဒီအတောအတွင်းဘတ်ဂျက်ထိခိုက်သွားတယ်။
၎ ။ မီးသတ်ဦးစီးမှုးကလည်းသင်တန်းသားထောက်ပံ့ကြေးနဲ့ တော်တော်ခိုင်သွားတယ်။
၅ ။ ဒီထဲမှာ ဘုမသိဘမသိနဲ့ မီးသတ်ကို လက်နက်ငယ်သွားသင်ပေးရတဲ့ကျနော့်ကို တော့ဆိုးတယ်လို့မြင်သွားကြလိမ့်မယ်( ဘာလို့ဆို သင်တန်းလူမစုံတာကို သူ့မီးသတ်ဌာနကတောင်ဘာမှမပြောဘဲ ကျနော်က အပြစ်ပေးတာကိုး)။
၆ ။ စစ်တပ်အနေနဲ့ ပြည်သူ့စစ်မဟာဗျူဟာအရဒီလိုသင်ကြားတဲ့အပေါ် ဒီလိုဖြစ်သလို ပေါ့ပေါ့ဆဆ မလုပ်သင့်ဘူး။
၇ ။ သင်တန်းသားလက်ခံတဲ့နေရာမှာ ၁၀ နှစ်သားလောက်ကနေ ၆၀ ကျော်တွေထိ လူပြည့်ပြီးရောလုပ်တဲ့ အတွက် ဒီသင်တန်းဟာ
ထိရောက်မှုမရှိဘူး။
စာဖတ်ပရိတ်သတ်များ အနေနဲ့ ကောနိုင်ငံတော်ရဲ့ လုံခြုံရေးကဏ္ဍအရဒီလိုသင်တန်းပေးတာကို ခုလိုတွေဖြစ်ပျက်နေတဲ့အပေါ် ဘယ်လိုများရှုမြင်သုံးသပ်ပါသလဲခင်များ ။ ကျနော်သုံးသပ်ထားတဲ့အပေါ် အကောင်းအဆိုး အမှားအမှန်ကို လမ်းပြပေးကြပါလို့.........

No comments:

Post a Comment