မျိုးချစ်စစ်သည်

ပညာမဲ့သော ထိုသူသည်- ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုပဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း၊ ခန္ဓာကိုယ် ပျက်စီးသောအခါ ငရဲသို့ရောက်ရ၏။

ခုကတော့ ...

User Online

လာလည်သူပေါင်း

Cabo Yachts

Monday, April 5, 2010

တပ်မတော်သားအဖြစ်ခံယူထားသူများသိသင့်သော အလေးပြုသည်ဆိုရာတွင်

အလေးပြုသည် ဆိုရာတွင်…
ကလိုစေးထူး

နားထောင်သည်။ မကျေနပ်။ ဒါဟာ ဘာသဘောပါလိမ့်။ ဘာအဓိပ္ပာယ်ပါလိမ့်။ နောက်ထပ်တကြိမ် နားထောင်သည်။ ဒီလိုပဲ အသံထွက်နေသည်။ စိတ်ထဲမှာ စနိုးစနောင့်ဖြစ်လွန်းလှသဖြင့် တခြား၊ တခြားသော လက်လှမ်းမီသမျှ မှတ်တမ်းဗွီဒီယိုတွေမှာ ရှာ၏၊ နားထောင်၏၊ ဟုတ်ပါပြီ။ သူတို့ ဒါကို ပြောင်းလဲပစ်လိုက်ကြပါပြီ။

ကျနော့်စိတ်ထဲတွင် စနိုးစနောင့်နှင့် မကျေမချမ်း ဖြစ်နေရသည်ကား တခြားတော့မဟုတ်ပါ။ ယနေ့ခေတ် မြန်မာပြည်တွင်းရှိ အခမ်းအနားတချို့နှင့် စစ်ရေးပြအခမ်းအနားများမှ အလေးပြု အစီအစဉ်၏ ပြောင်းလဲသွားသော အသုံးအနှုန်း ဖြစ်ပါသည်။

နိုင်ငံတိုင်းတွင် သမိုင်းကိုယ်စီရှိကြပါသည်။ မိမိနိုင်ငံအလိုက် ဖြတ်သန်းခဲ့ရသောသမိုင်းကို အခြေခံပြီး နိုင်ငံအတွက် စွန့်လွှတ်အနစ်နာခံသွားသော ခေါင်းဆောင်များလည်း ရှိကြစမြဲပင် ဖြစ်ပါသည်။ အများအကျိုး၊ နိုင်ငံအကျိုးအတွက် ကိုယ်ကျိုးကိုမငဲ့ဘဲ အသက်ပေးသွားကြသော ထိုခေါင်းဆောင်ကြီး များကို `အာဇာနည်ခေါင်းဆောင်ကြီးများ´ ဟု ပြည်သူများက လှိုက်လှိုက်လှဲလှဲ သတ်မှတ်လေ့ ရှိပါသည်။

ယုံကြည်မှုတခုကို နှလုံးသွင်း နားလည်ကြသည့် လူများစွာထဲမှာမှ အများအကျိုးအတွက် အသက်ကို စွန့်လွှတ် အနစ်နာခံသွားကြသည့် `အာဇာနည်´ များကို ဦးညွှတ်ကြသည်မှာ နိုင်ငံကြီးသားပီသသော၊ ယဉ်ကျေးသောနိုင်ငံများ၏ အလေ့အထပင် ဖြစ်ပါသည်။

ထို့အတွက်ကြောင့်ပင် နိုင်ငံတော်ဆိုင်ရာ အခမ်းအနားများ၊ စစ်ရေးပြအခမ်းအနားများတွင် နိုင်ငံတော် အလံအား အလေးပြုပြီးသည့် အစီအစဉ်အပြီးတွင် အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုသော အစီအစဉ်ကို ထည့်သွင်းထားပါသည်။ ဂုဏ်ပြုခြင်းလည်းမည်သော၊ လေးစားအောက်မေ့ခြင်းလည်း မည်သော အစီအစဉ်တခု ဖြစ်ပါသည်။

ကျနော်တို့နိုင်ငံတွင် `အာဇာနည်ခေါင်းဆောင်ကြီးများ´ ဟု ပြည်သူများက သတ်မှတ်ထားကြသည်မှာ မည်သူတွေဆိုသည်ကို ကျနော် အထူးအထွေ ပြောစရာလိုမည် မထင်ပါ။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် နယ်ချဲ့လက်ပါးစေတို့၏လက်ချက်ဖြင့် ကျဆုံးသွားခဲ့ရသော `ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ´ ဆိုသည်မှာ အများအသိပင်ဖြစ်ပါသည်။

`ကျဆုံးလေပြီးသော…၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ၊ အာဇာနည်ခေါင်းဆောင်ကြီးများအား…. အလေး………. ပြု´

ထိုစကားရပ်လေးမှာ တိုတောင်းပါသည်။ ယင်းတိုတောင်းသည့် စကားရပ်လေး၏ နောက်ကွယ်တွင် ကျနော်တို့နိုင်ငံအတွက် အသက်ပေးသွားကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ သမိုင်းပုံရိပ် ရှိနေပါသည်။ ၎င်းသမိုင်းပုံရိပ်များနှင့်အတူ အာဇာနည်ကြီးများကို မမေ့စေသောငှာ ကျနော်တို့ အလေးပြုကြပါသည်။ သို့သော် အဆိုပါ အလေးပြုစကားရပ်နေရာ၌ တခြားသော စကားရပ်တခုက မသိမသာ ပြောင်းလဲလာနေရာမှတဆင့် ယခုတော့ လုံးဝ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်ပါသည်။

ရှုပါ။

`ကျဆုံးလေပြီးသော.. ခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားများအား အလေး………ပြု။´ ဟူ၏။

စကားရပ်နှစ်ခုမှာ ရုတ်တရက်ကြည့်လျှင်မူ ဆင်သယောင်ယောင် ဖြစ်ပါသည်။ သို့သော် မဆင်ပါ။ တူလည်း မတူပါ။ `ကျဆုံးလေပြီးသော… ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ၊ အာဇာနည် ခေါင်းဆောင်ကြီး များ…´ နှင့် `ကျဆုံးလေပြီးသော… ခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားများ´။ လက်စသတ်တော့ ဆင်သလိုလိုနှင့် ပုံမှားရိုက်နေကြပါပကောလား။

ကျနော်တို့က ကျဆုံးလေပြီးသည့် မည်သည့်ခေါင်းဆောင်များကို အလေးပြုရမည်နည်း။ ခေါင်းဆောင် များမှာ များပြားလွန်းလှပါသည်။ ပြောကြစတမ်းဆိုလျှင် သွားလေသူ ဗိုလ်ချုပ်ကြီးနေ၀င်းသည်လည်း ခေါင်းဆောင်၊ ဗိုလ်ချုပ်မှူးကြီး စောမောင်သည်လည်း ခေါင်းဆောင်။ ယုတ်စွအဆုံး မြန်မာနိုင်ငံတွင် (၁၇) ရက်တည်းသာ သမ္မတလုပ်သွားသည့် ဦးစိန်လွင်သည်လည်း ခေါင်းဆောင်ပင် ဖြစ်ပေ၏။ သို့သော် သူတို့သည်ကား ဦးညွှတ်အလေးပြုထိုက်သော ခေါင်းဆောင်များ မဟုတ်ပါ။ စစ်အာဏာရှင် ခေါင်းဆောင်ကြီးများသာ ဖြစ်ပါသည်။ ကျနော်တို့က သူတို့ကို အလေးပြုရမည်လော။

ကျနော်တို့ ယခုအလေးပြုနေသည်မှာ၊ ယခင်က အလေးပြုခဲ့သည်မှာ၊ နောင်လည်း အလေးပြုသွား မည်မှာ `အာဇာနည်ခေါင်းဆောင်ကြီးများ´ ဖြစ်ပါသည်။ အတိအကျပြောရလျှင် `ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ´ ဖြစ်ပါသည်။ ဘာ့ကြောင့် အလေးပြု နေပါသနည်း။ အာဇာနည်များ၊ နိုင်ငံအတွက် အသက်ကိုပင် စွန့်လွှတ်အနစ်နာခံသွားသော ပုဂ္ဂိုလ် ထူးများ၊ သူတထူးများ ဖြစ်သောကြောင့် ရင်ထဲ အသည်းထဲမှ လှိုက်လှဲသောဆန္ဒဖြင့် အလေးပြုပါသည်။ ဦးညွှတ်ပါသည်။

သို့သော် အာဏာရှင်ခေါင်းဆောင်များကိုတော့ ဦးမညွှတ်နိုင်ပါ။ အလေးလည်း မပြုနိုင်ပါ။ အနှီပုဂ္ဂိုလ် အာဏာရှင်ခေါင်းဆောင်ကြီးများသည်ကား အလေးပြုထိုက်သော ပုဂ္ဂိုလ်များလည်း မဟုတ်ကြပါ။ ခေါင်းဆောင်ဆိုသောနေရာကို မတရားသိမ်းပိုက်ရယူထားသော သူတို့ကို အလေးပြုစရာ အကြောင်း လည်း မရှိပါ။

ယခုတော့ သူတို့ မလိမ့်တပတ် လုပ်နေလေပြီ။ `ခေါင်းဆောင်ကြီးများ´ ဟူသော စကားလုံးကို မလိမ့်တပတ်လုပ်၍ ကျနော်တို့ အမှန်တကယ်လေးစားရသော အာဇာနည်ကြီးများကို သမိုင်းမှ ပယ်ဖျောက်ပစ်ရန် ကြိုးစားနေလေပြီ။ ယင်းစကားလုံးကို အသုံးချ၍ သူတို့ကို၊ သို့တည်းမဟုတ် သူတို့နောက်တွင် ဆက်လက်ပြီး အပါယ်ငရဲ လားကုန်လတ္တံ့သော စစ်ခေါင်းဆောင်ကြီးများကို မလိမ့်တပတ်ဖြင့် သူတို့ အလေးပြုခိုင်းနေပါပြီ။

မသိမသာမှသည် တဖြည်းဖြည်းနှင့် သိသိသာသာကြီးကို ပြောင်းလဲရာမှ ယခုတော့ဖြင့် ကျနော်တို့ ချစ်ခင်လေးစား၊ အတုယူခဲ့ရတော့ အာဇာနည်ခေါင်းဆောင်ကြီးများသည်ကား အလေးပြုအစီအစဉ်မှ လူမသိ သူမသိ ဖယ်ရှားခံနေရပါပြီတကား။

တကယ်တော့လည်း သေသေချာချာ သတိပြုမိလျှင် ကျနော်တို့နိုင်ငံ၏ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အခန်းကဏ္ဍကို မှေးမှိန်သထက် မှေးမှိန် အောင် သူတို့လုပ်နေကြသည်မှာ ဒီတခုတည်းတော့ မဟုတ်ပါ။ အာဇာနည်နေ့တိုင်း နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ရေဒီယိုတွင် ကြားရနေကျ ၀မ်းနည်းခြင်းအထိမ်းအမှတ် ဥသြရှည်သံများ၊ အာဇာနည်နေ့တိုင်း ထုတ်လွှင့်ပေးနေကျ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ လေလှိုင်းထဲတွင် လွင့်ပျောက်သွားခဲ့လေသလော မသိနိုင်အောင်ပင် သူတို့ ဖျောက်ဖျက်ထားခဲ့ပါပြီ။

ငွေစက္ကူများပေါ်မှ ဗိုလ်ချုပ်ရုပ်ပုံများတွင်လည်း ဘာသတ္တ၀ါမှန်းမသိသော အကောင်တကောင်က ခန့်ခန့်ကြီး နေရာယူနေလေပြီ။ အစိုးရရုံးများတွင် ယခင်ကမြင်နေကျ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံ နေရာတွင်လည်း သူတို့က အလေးပြုစေချင်သော မကျဆုံးသေးသော အတ္တဘောကြီးက ဘေး တစောင်းတမျိုး၊ တည့်တည့်တဖုံ အိုက်တင်အမျိုးမျိုး၊ ဘာမှန်းမသိသောတံဆိပ်တွေ တပုံတပင် ရင်ဘတ်တွင်ချိတ်လျက် အပူဇော်ခံနေလေပါပြီ။

သမိုင်းမှန်ဆိုသည်မှာ ဖျောက်ဖျက်ကောင်းသောအရာ မဟုတ်သလို သူယုတ်မာဆိုသည်မှာလည်း လေးစားထိုက်သော ပုဂ္ဂိုလ်မဟုတ်ပါ။ ဆင်သယောင်ယောင်၊ တူသယောင်ယောင် စကားလုံးဖြင့် ဘယ်လိုပင် အစားထိုး၍ အပူဇော်ခံနေပါစေ၊ အလေးပြုခံချင်နေပါစေ၊ ကျနော်တို့ တကယ်လေးစား သည်မှာ တကယ့်အာဇာနည်ကြီးများနှင့် နိုင်ငံ့သည်းချာ ခေါင်းဆောင်ကြီးများသာလျှင် ဖြစ်ပါသည်။

ထို့ကြောင့်…

ရင်ထဲ အသည်းထဲမှ ခိုင်ကျည်စွာဖြင့် အလေးပြုအပ်ပါသည်။ ဦးညွှတ်အပ်ပါသည်။

`ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ၊ အာဇာနည်ခေါင်းဆောင်ကြီးများအား၊ အလေး…………. ပြု´ ။ ။

ကျတော်သဘောကျလွန်းသဖြင့် ကျတော့်ဘလော့ကိုလာရောက်လည်ပတ်သူများလည်း ဗဟုသုတအလို့ငှာ ကူးယူဖော်ပြလိုက်ရပါသည်။

No comments:

Post a Comment